ထားဝယ်မြို့တောင်ဘက်ရှိ တံတားတစ်စီးကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်

0
1332

ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်တိုက်ခဲ့ဖူးသည့် နေရာအနီးရှိ ထားဝယ်မြို့အတွင်းက တံတားတစ်ခုကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

မြို့တောင်ပိုင်းရှိ ဘုမ္မော်ရပ်ကွက်နှင့် ကြက်စားပြင်ရွာဘက်ကို ဆက်သွယ်ထားသည့် အဆိုပါတံတားမှာ စမ္မစကြာဘုန်းကြီးကျောင်း အရှေ့တွင်ရှိပြီး မတ်လ ၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းများက တံတားကို အတားအဆီးများချကာ လမ်းပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါမြို့ခံက ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်ညက ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို အဆိုပါတံတားအနီး စောမိညိုလမ်းတွင် ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၏ တပ်ခွဲ(၁)ဖြစ်သည့် အထူးပြောက်ကျားတပ်ဖွဲ့ (Special Guerrilla Force ) က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးခဲ့သည်။

အဆိုပါတံတားမှာ တိုင်းစစ်ကောင်စီရုံး(တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး)နှင့် မီတာ ၈၀၀ ခန့်သာ ကွာဝေးသည်။

လက်ရှိတွင် တံတားဖြတ်သန်းခွင့် ပိတ်လိုက်သည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးကြောင်း မြို့ခံအမျိုးသားက ဆိုသည်။

“သူတို့(စကစ) ဦးနှောက်က အဲလောက်ပဲသိတာကိုး။ ဟိုဟာပိတ်မယ် ဒီဟာပိတ်မယ်နဲ့ပဲ လုပ်လေ့ရှိတာ”ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးရက်ပေါင်းတစ်ရာကျော်ဖြစ်သည့် ၂၀၂၁ ခုနှစ် မေလကုန်ကလည်း လက်ရှိပိတ်လိုက်သည့် တံတားအပါအဝင် ဘုမ္မော်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် တံတားများကို ဖြတ်သန်းခွင့်ပိတ်ခဲ့ဖူးသည်။

ထားဝယ်မြစ်အတွင်း အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဝင်သော ဘုမ္မော်ချောင်းကို ဖြတ်သန်းသွားလာနိုင်ရန် တံတားခြောက်စင်းရှိရာတွင်တံတားလေးစင်းတွင် သံဆူးကြိုးများ ကာရံကာ ဖြတ်သန်းခွင့်ပိတ်ခဲ့ခြင်းဖြစ်သည်။

ထိုနောက် ထားဝယ်မြစ်ကမ်းနားလမ်းရှိ တံတားမှသာ ဖြတ်သန်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ယခင်က ပိတ်ခဲ့ဖူးသည့် တံတားများကို ထပ်ပိတ်မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ဘုမ္မော်ချောင်း၏ တောင်ဘက်တွင် ကြက်စားပြင်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်နှင့် ဒေါင်းငူတံငါရပ်ကွက်ရှိပြီး မြို့ပေါ်ရပ်ကွက် အများစုက ထားဝယ်မြို့၏ မြောက်ဘက်တွင်တည်ရှိနေသည်။ ထားဝယ်မြို့တွင် ရပ်ကွက်စုစုပေါင်း ၁၅ ခုရှိသည်။