ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူး၊ တပ်ရင်းမှူးသေဆုံးဟု AA ပြော

0
1862

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗျူဟာမှူး၊ တပ်ရင်းမှူးသေဆုံးပြီး ဇက်သင်္ဘော သုံးစင်းကို တိုက်ခိုက်ဟန့်တားနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

အဆိုပါမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို မတ်လ ၄ရက်နေ့တွင် AA က သိမ်းယူပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့ကို စတင်တိုက်ခိုက်ပြီး ၁၃ ရက်အကြာတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ဗိုလ်မှူးစောထွေးတို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကိုလည်း ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိကြောင်း ဆိုသည်။

လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကိုလည်း စောင့်ရှောက်ထားကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မတ်လ ၃ ရက် နံနက်ပိုင်းတွင် ခမရ ၅၅၀ သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ ဇက်သင်္ဘောနှစ်စင်းကို ဟန့်တား တိုက်ခိုက်နိုင်ခဲ့ပြီး ယင်းသင်္ဘောနှစ်စင်းကို ကယ်တင်ရန်လာသည့် ဇက်သင်္ဘောတစ်စင်းကိုလည်း ထပ်မံဟန့်တား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

သင်္ဘောသုံးစင်းလုံး ရေထဲနစ်မြုပ်အောင် မတိုက်ခိုက်နိုင်ခဲ့သော်လည်း သင်္ဘောပေါ်လိုက်ပါလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။

မင်းပြားနှင့် ကျောက်တော်မြို့နယ်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိနေကြောင်း ဖော်ပြသည်။