တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1196

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ

နှစ်နှစ်ကြာ စစ်ပွဲပြီးနောက် ရုရှားစစ်သား ၄ သိန်းကျော် သေဆုံးခဲ့ဟုဆို

ယူကရိန်းနဲ့ ၂ နှစ်ကြာ စစ်ပွဲမှာ ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်အင်အား ၄ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ၈၁၉ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။

ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရုရှားက တစုံတရာ မှတ်ချက်ပေးတာတော့ မရှိသေးပါဘူး။

ရုရှားကျူးကျော်စစ် ၂ နှစ်ပြည့် ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ မိန့်ခွန်းမှာတော့ ယူကရိန်းကို ထောက်ခံအားပေးသူတွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ထောက်ခံမှုတွေကြောင့် သန်းနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေရော၊ အိမ်နီးချင်းနိုင်ငံတွေပါ ရုရှားရဲ့ လက်အောက်ခံဖြစ်လာမှာ မဟုတ်ဘူးလို့ သမ္မတက ဆိုထားပါတယ်။

Ref: Daily Mail

………………………………..

ငြိမ်းချမ်းရေးအစီအစဉ်အား ရုရှားကို အဆိုပြုမည်ဟု ယူကရိန်းဆို

ဆွစ်ဇာလန်နိုင်ငံကစီစဉ်တဲ့ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးမှာ ရုရှားတို့ရဲ့ နှစ်နှစ်ကြာစစ်ပွဲ အဆုံးသတ်နိုင်ရေး ယူကရိန်းနိုင်ငံရဲ့ မျှော်မှန်းချက်များကို တင်သွင်းသွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ဆိုထားပါတယ်။

နွေဦးတွင် ငြိမ်းချမ်းရေးအစီအစဥ်စတင်နိုင်မယ်လို့ မျှော်လင့်သလို သံတမန်ရေးတွေလည်း စတင်လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း သမ္မတက ဆိုထားတာပါ။

ရုရှားစစ်အဆုံးသတ်ရေး အနာဂတ်ငြိမ်းချမ်းရေးညီလာခံတွေမှာ ယူကရိန်းနဲ့ မဟာမိတ်နိုင်ငံတို့က ရုရှားကို ဖိတ်ခေါ်ဆွေးနွေးနိုင်စရာရှိပါတယ်လို့လည်း ဆိုထားပါတယ်။

စစ်ပွဲကို အောင်နိုင်ရေးဟာ အနောက်နိုင်ငံတွေရဲ့ အကူအညီတွေအပေါ်မှာ မူတည်နေသလို ယူကရိန်းအတွက် မဟာမိတ်နိုင်ငံတွေက တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်လို့ ယုံကြည်ထားကြောင်း ဆိုထားပါတယ်။

Ref: swissinfo

………………………………..

ဩစတီးယားအမျိုးသားကို တာလီဘန်များ ပြန်လွှတ်ပေး

အာဖဂန်နစ္စတန်နိုင်ငံမှာ မနှစ်ကအဖမ်းခံခဲ့ရတဲ့ အသက် ၈၄ နှစ်အရွယ် သြစတြီးယားနိုင်ငံသားတစ်ဦးကို တာလီဘန်တို့က ပြန်လွှတ်ပေးလိုက်ပါပြီ။

အာဖဂန်က ပြန်လွတ်လာတဲ့ Herbert Fritz ဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြန်ရောက်ရှိလာခဲ့ပါတယ်။

သြစတြီးယားကို ခရီးမဆက်ခင် လိုအပ်ရင် ဆေးကုသမှုပေးမယ်လို့လည်း ပြောထားပါသေးတယ်။

သူ့ကို ကဘူးလ်မြို့အကျဥ်းထောင်မှာ ထိန်းသိမ်းထားခဲ့တာလို့လည်း သြစတြီးယားနိုင်ငံခြားရေးရုံး ပြောခွင့်ရသူက ဆိုထားပါတယ်။

အာဖဂန်မှာ အကျဥ်းကျနေတဲ့ သူ့နိုင်ငံသားပြန်လည်လွတ်မြောက်ရေးအတွက် ကူညီပေးခဲ့ကြတဲ့ ကာတာအစိုးရကို ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်က ဖော်ပြထားပါတယ်။

Ref: Aljazeera

………………………………..

ဆွီဒင်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရေး ဟန်ဂေရီလွှတ်တော်အတည်ပြု

မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နိုင်ငံရဲ့လျှောက်ထားချက်ကို ဟန်ဂေရီလွှတ်တော်က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။

ဆွီဒင်နိုင်ငံရဲ့ NATO အဖွဲ့ဝင်လျှောက်ထားမှုက ၁၈ လထဲရောက်လာချိန်မှာ အတည်ပြုချက် ရရှိခဲ့ပါပြီ။

ဟန်ဂေရီအစိုးရက လတွေနဲ့ချီ ကန့်ကွက်နေတာကို လွှတ်တော်အမတ်တွေက ထောက်ခံမဲ ၁၈၈ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့ မဲခွဲထောက်ခံလိုက်ကြတာပါ။

ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ်ထောက်ခံရေး တင်သွင်းထားကြပေမဲ့ ဟန်ဂေရီရဲ့ အာဏာရပါတီက လွှတ်တော်မှာ ဆန့်ကျင်ကန့်ကွက်နေတာကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ကြန့်ကြာနေခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုရမှသာ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ရှိပါတယ်။

ဆွီဒင်ရဲ့လျှောက်ထားမှုကို တူရကီနိုင်ငံက ပြီးခဲ့တဲ့လမှာ ထောက်ခံခဲ့ပြီးတဲ့နောက် ဟန်ဂေရီနိုင်ငံက ခုလိုနောက်ဆုံး မဲခွဲထောက်ခံလိုက်ကြတာဖြစ်ပါတယ်။

Ref: BBC

………………………………..

စစ်ပွဲအရေး ဆွေးနွေးရန် ယူကရိန်းသမ္မတ ဆော်ဒီကိုသွားရောက်

စစ်ပွဲအရေးနဲ့ ပက်သက်လို့ ဆွေးနွေးဖို့ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆော်ဒီအာရေးဗီးယားနိုင်ငံကိုသွားခဲ့ပါတယ်။

ရုရှားကဖမ်းထားတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေ ပြန်လွှတ်ပေးရေးနဲ့ ငြိမ်းချမ်းရေးအစီအစဉ်အတွက် တွန်းအားပေးဖို့လို့ ဆိုထားတာပါ။

ယူကရိန်းဘက်တင်ပြထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ အချက် ၁၀ ချက်ပါပြီး အဲဒီအထဲမှာ ယူကရိန်းနယ်ထဲက ရုရှားတပ်တွေ ပြန်လည်ထွက်ခွာဖို့နဲ့ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူဖို့အချက်တွေ ပါဝင်ပါတယ်။

ဆော်ဒီအာရေးဗီးယားရဲ့ ဦးဆောင်ကူညီမှုနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ စစ်သုံ့ပန်းတွေလည်းရှိခဲ့တယ်လို့ ယူကရိန်းက ဆိုထားပါတယ်။

Ref: Aljazeera

………………………………..

အမေရိကန် ဦးဆောင်သော စစ်ရေးလေ့ကျင့်မှု ထိုင်းတွင် စတင်

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ဦးစီးပြီး အရှေ့တောင်အာရှရဲ့ စစ်ရေးလေ့ကျင့်မှု “ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု”ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် ကိုးထောင်ငါးရာကျော် ပါဝင်မှာပါ။

လာမယ့် မတ်လ ၈ ရက်နေ့အထိ တရားဝင်ကျင်းပမယ်လို့ ကြေညာထားပါတယ်။

စစ်ရေး ပူးပေါင်းလေ့ကျင့်မှုတွေအပြင် ဆိုက်ဘာနဲ့ လူသားချင်းစာနာမှု ကူညီရေး လုပ်ငန်းတွေ ပါဝင်မှာပါ။

တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက လူသားချင်းစာနာမှု အကူအညီပေးရေး လေ့ကျင့်မှုမှာ တစိတ်တပိုင်း ပါဝင်တယ်လို့ ဆိုထားပါတယ်။

၁၉၈၂ ခုနှစ်က စတင်ခဲ့တဲ့ ဒီ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစိတ်ဖိတ်ဒေသ မဟာမိတ်တွေနဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။

Ref: Khaosod English

………………………………..

လက်ဘနွန်က ပစ်မှတ်များကို အစ္စရေး လေကြောင်းကတိုက်ခိုက်

လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာ လက်နက်ပစ္စည်း သိုလှောင်ထားတဲ့နေရာကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စရေးဘက်က ပြောကြားခဲ့ပါတယ်။

လက်ဘနွန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အများအပြားကိုလည်း ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုတာပါ။

ပစ်ခတ်မှုကြောင့် လက်ဘနွန်ဘက်မှာ ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာတောင်ပိုင်းမှာရှိတဲ့ ခန်းယွန်းနစ်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ခဲ့သလို မြောက်ပိုင်းမှာလည်း မြေပြင်စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပါသေးတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ လွတ်မြောက်ရေး သဘောတူညီချက်သစ်ကို အမေရိကန်ဘက်က အဆိုပြုထားသလို ပါရီကလည်း မွတ်ဆလင် ဥပုသ်လအတွင်း ရက်ပေါင်း ၄၀ ကြာ အပစ်အခတ်ရပ်စဲကြဖို့ တိုက်တွန်းထားပါတယ်။

Ref: Aljazeera

………………………………..

လူသားချင်းစာနာမှု ထောက်ပံ့ပေးစဉ် တိုက်ခိုက်ခံရသဖြင့် ပါလက်စတိုင်း ၁၁၂ ဦးထက် မနည်းသေဆုံး

ဂါဇာမှာ လူသားချင်းစာနာမှုအကူညီဖြန့်ဝေပေးတဲ့ ကားတွေဆီက အစားအသောက်တွေ ယူမယ့် ပါလက်စတိုင်းသား ၁၁၂ ဦးထက်မနည်း အစ္စရေးတပ်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဘာကြောင့်ပစ်ခတ်ရတယ်ဆိုတာတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အစ္စရေးအရာရှိတွေကတော့ လူအုပ်ကြီးက ထရပ်ကားတွေဆီ အတင်းပြေးလာပြီး ခြိမ်းခြောက်တဲ့ အနေအထားဖြစ်လာတာကြောင့် တပ်သားတွေက ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မျက်မြင်တွေ့သူတွေကတော့ ထရပ်ကားတွေပေါ်က ဂျုံအိတ်တွေ၊ စည်သွတ်ဘူးတွေ ဆွဲချနေသူတွေကို အစ္စရေးတပ်တွေက ပစ်ခတ်ခဲ့တာလို့ ပြောကြားထားပါတယ်။

ကုလသမဂ္ဂကတော့ ဂါဇာမှာ လူသားချင်းကူညီမှုတွေ အရှိန်နဲ့ နည်းပါးလာနေပြီလို့ သတိပေးထားပါတယ်။

Ref: Aljazeera

………………………………..

BLACKPINK အဖွဲ့ဝင်များ အသီးသီး ဖျော်ဖြေရေးကုမ္ပဏီ ထူထောင်

တောင်ကိုရီးယားက နာမည်ကျော်ကေပေါ့အဖွဲ့ဖြစ်တဲ့ BLACKPINK ဘလက်ပင့်ခ်အဖွဲ့ဝင်တွေက အသီးသီး ကိုယ်ပိုင်ဖျော်ဖြေရေးအေဂျင်စီတွေ တည်ထောင်လိုက်ကြပါတယ်။

ဂျီဆူးကတော့ Blissoo “ဘလစ်ဆူး” လို့ နာမည်ပေးထားတဲ့ အေဂျင်စီတည်ထောင်ကြောင်း ဖေဖော်ဝါရီ ၂၁ က ကြေညာသွားတာပါ။

ကိုရီးယားသတင်းကတော့ ဂျီဆူးက သူ့အကိုဖြစ်သူနဲ့ ဒီကုမ္ပဏီကို စပ်တူထူထောင်တာလို့ ပြောကြားထားပါတယ်။

ဂျန်းနီက OA အိုအေဆိုတဲ့ နာမည်နဲ့ ၂၀၂၃ ဒီဇင်ဘာမှာ ကုမ္ပဏီဖွင့်လှစ်ထားပါတယ်။

လီဆာကတော့ LLOUD ဆိုတဲ့ နာမည်နဲ့ ဖေဖော်ဝါရီ ၈ ရက်ကပဲ ကုမ္ပဏီထောင်တယ်လို့ ကြေညာသွားပါတယ်။

သူတို့အဖွဲ့က တဖွဲ့လုံးအနေနဲ့ စာချုပ်သက်တမ်းတိုးထားပြီး ဘယ်သူကမှတော့ တစ်ဦးတည်းအနုပညာအလုပ်တွေအတွက် ကုမ္ပဏီနဲ့ စာချုပ်မချုပ်ထားပါဘူး။

Ref: NME

………………………………..

ရက်ထပ်ရက်ဖွားမိခင်က ကလေးကို ရက်ထပ်ရက်မှာ မွေးဖွားခဲ့

ရက်ထပ်ရက်မှာ မွေးဖွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ရင်သွေးလေးကို ဖေဖော်ဝါရီ ၂၉ (ရက်ထပ်ရက်) မှာ မွေးဖွားခဲ့ပါတယ်။

သူက လွန်ခဲ့တဲ့ နှစ် ၄၀ ကလည်း ရက်ထပ်ရက်မှာ မွေးဖွားခဲ့သူပါ။

အမျိုးသမီးက ဆရာဝန် ဒေါက်တာ ကိုင်ဆန်းဆိုသူဖြစ်ပြီး သူ့ရဲ့တတိယမြောက်ကလေး၊ သမီးမိန်းကလေး ချလိုအေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

မွေးဖွားရမယ့်ရက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ဖြစ်ခဲ့ပေမဲ့ ၃ ရက်အကြာမှ ၆ ပေါင် ၁၃ အောင်စရှိတဲ့ ခလိုအေးကို မွေးဖွားခဲ့တာပါ။

ကိုင်ဆန်းက သမီးဖြစ်သူဟာ သူနဲ့ မွေးနေ့တူဖြစ်ရင် ဘယ်လောက်ကောင်းမလဲလို့ ပြောနေခဲ့ပြီး အခု သူဖြစ်ချင်တဲ့အတိုင်း ဖြစ်သွားခဲ့ပါတယ်။

Ref: ABC News

………………………………..