တနင်္သာရီ ရမ်းဖိုရွာအနီးတွင် စစ်ကောင်စီ​ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ

0
988
ပုံစာ - ရမ်းဖိုရွာအနီး စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရစဥ်။ Photo -TLF

တနင်္သာရီမြို့နယ် ၊ ဘန်းလမွတ်ကျေးရွာအုပ်စု ၊ ရမ်းဖိုရွာအနီး ဆီအုန်းတောတွင် ဖေဖော်ဝါရီလ ၂၆ ရက်မနက်ပိုင်းက ခမရ ၅၅၆ စစ်ကောင်စီ တပ်ရင်းမှ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီခြေလျင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဒေသခံများထံမှသိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တနင်္သာရီလွတ်မြောက်ရေးအင်အားစု (TLF) က ပြုလုပ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူ ရဲ​ဘော်ထက်မာန် ကပြောသည်။

“ကျွန်​တော်တို့ဘက်က လက်နက်အားနည်းချက်ကြောင့် ပြောက်ကျားမိုင်းဆွဲတာပဲ လုပ်ဆောင်လုပ်ခဲ့တာပါဗျ ။ နှစ်ဘက်ပစ်ခတ်မှု မဖြစ်ခဲ့ပါဘူး” ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ခဲ့သည့် ဆီအုန်းတောအနီးတွင် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်း၊ဆေးပစ္စည်းအချို့ တွေ့ရကြောင်း နှင့် ခမရ ၅၅၆ တပ်ရင်းအတွင်းသို့ လူနာတင်ယာဥ်များ ဝင်သွားသည်ကိုလည်း မြင်ရကြောင်း ရွာသားများကပြောသည်။

ဖေဖော်ဝါရီလ အစပိုင်းတွင်လည်း ရမ်းဖိုရွာ ပတ်ဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သေးကြောင်း တနင်္သါရီလွတ်မြောက်ရေးအင်အားစု (TLF) အဖွဲ့ထံကသိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်တွင်မူ ရမ်းဖိုကျေးရွာအနီး စစ်ကောင်စီတပ်ကလည်း လှုပ်ရှားနေဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။