ထားဝယ်တွင်သီဟိုစေ့ ဈေးကောင်းရနေ

0
1384

ထားဝယ်တွင် ယခုနှစ် သီဟိုရာသီအစတွင် ဈေးကောင်းရနေကြောင်း သီဟိုစိုက်တောင်သူများထံမှ သိရသည်။

ယမန်နှစ် ဖေဖော်ဝါရီလ သီဟိုရာသီအစတွင် သီဟိုစေ့တစ်ပိဿာလျှင် ၂၅၀၀ကျပ် ဝန်းကျင်ဖြင့် ဈေးဖွင့်၍စတင်ဝယ်ခဲ့သည်။

ယခုနှစ် ရာသီအစတွင် တစ်ပိဿလျှင် ကျပ် ၅၀၀၀ နှင့် ၅၅၀၀ကျပ် ကြား ဈေးရရှိကြောင်း သီ‌ဟိုဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။

“မနှစ်က အထွက်လည်းနည်းတယ်။ ဈေးလည်းသိပ်မရဘူး။ ဒီနှစ်ကျတော့ အထွက်လည်းများတယ်။ ဈေးလည်းပိုရတယ်” ဟု ရေဖြူမြို့နယ်ရှိ သီဟိုစိုက်တောင်သူတစ်ဦးက ပြောသည်။

သီဟိုအထွက်များသော်လည်း ဈေးကွက်ထဲသို့ ဝင်ရောက်မှုမှာ နည်းပါးနေ သေးသောကြောင့် ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း သီဟိုလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။

“ပစ္စည်းပေါလာရင် ဈေးပြန်ကျသွားနိုင်တယ်” ဟု သီဟို လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းတွင် သီဟိုအထွက်များဆုံးဒေသတွေဖြစ်သည့် ပုလော၊ သရက်ချောင်း၊ ထားဝယ်အရှေ့တော၊‌ ရေဖြူ စသည့် ဒေသများမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည်။

ထို့ကြောင့် ထုတ်ကုန်သယ်ဆောင်သည့်လမ်းကြောင်းများ ပိတ်ဆို့မှုရှိပြီး ဈေးကွက်ထဲသို့ ကုန်စည်စီးဆင်းမှု နှေးကွေးနေကြောင်း တောင်သူများနှင့်သီဟိုလုပ်ငန်းရှင် တို့ထံမှ သိရသည်။

ယမန်နှစ် သီဟိုရာသီတွင် တစ်ရက်လျှင် သီဟိုသီး တစ်ပြည်ခန့်သာ ထွက်ရှိရာက ယခုနှစ်တွင် ၁၁ ပြည်အထိ ထွက်ရှိကြောင်း ရေဖြူမြို့နယ်က သီဟိုစိုက်တောင်သူတစ်ဦးက ဆိုသည်။

အခြားသီဟိုခြံများတွင်လည်း ယခုနှစ် အထွက်ကောင်းနေကြောင်း ၎င်းက ဆိုသည်။

သို့သော်တိုက်ပွဲများကြောင့် ဥယျာဉ်များကိုစွန့်၍ တနယ်တစ်ကျေးကို ပြောင်း‌ရွှေ့သွားသည့် ‌ဥယျာဉ်ခြံလုပ်ငန်းရှင်အချို့မှာ လုပ်သားများ ငှားရမ်းကာ ရရှိသည့် အကျိုးအမြတ်ကို အချိုးကျ ခွဲဝေယူရန် မှုသဘောတူညီချက်ဖြင့် သီဟိုခြံများကို လုပ်သားများ ထံအပ်ထားခဲ့ရကြောင်း ရေဖြေူဒေသခံများထံမှသိရသည်။

ယခုနှစ် သီဟိုရာသီအစတွင် စစ်ရေးပဋိပက္ခနည်းလာသည့် ရေဖြူမြို့နယ်တွင် သီဟိုနှင့် ရော်ဘာ ဈေးကောင်းရကြောင်း ဒေသခံများက ပြောသည်။

ရော်ဘာအစေးအခြောက် (ကော်ခြေး) တစ်ပိဿာ ယခင်နှစ်ကျပ် တစ်ထောင်ကျော်ခန့်သာ ဈေးရှိရာက ယခုနှစ်တွင် ကျပ် နှစ်ထောင်ကျော်အထိ ဈေးရရှိကြောင်း ၎င်းတို့က ဆိုသည်။