တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1327

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်သူများလာ

ပုံစာ – ဗီဇာလျှောက်ရန် ထိုင်းသံရုံးရှေ့တွင် တန်းစီနေသူတွေ။

အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အာဏာတည်ကြောင်း ကြေညာလိုက်ပြီးနောက်မှာ လူငယ်တွေ ပြည်ပသို့ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြပါတယ်။

လေကြောင်း၊ နယ်စပ်ဂိတ်တွေကနေ တရားဝင်နည်းလမ်းနဲ့ ထွက်ခွာကြသလို အောက်လမ်း၊ ခိုးလမ်းလို့ခေါ်တဲ့ တရားမဝင် လမ်းကြောင်းတွေကနေလည်း ထွက်ခွာနေကြပါတယ်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရောက်နေကြတာပါ။

ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ တန်းစီပြီး ဗီဇာလျှောက်သူ များလွန်းတာကြောင့် လူကိုယ်တိုင်တန်းစီစနစ်ကို ဖျက်သိမ်းပြီး အွန်လိုင်းစနစ်နဲ့တစ်ခုတည်းနဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ပြောင်းလဲလက်ခံနေပါတယ်။ ထိုင်းသံရုံးကနေ ဗီဇာထုတ်ပေးတာ လူ ခုနစ်ထောင်ကျော်ရှိပြီလို့ ဖေဖော်ဝါရီလ ၂၂ ရက်က ဘန်ကောက်ပို့စ် သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို ချိတ်ဆက်ပြီး ပြည်ပသို့ ထွက်ခွာအလုပ်လုပ်လိုသူလည်း နှစ်ဆလောက် မြင့်တက် လာတယ်လို့ အေဂျင်စီတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး RFA မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

နယ်စပ်လမ်းကြောင်းတွေက တရားမဝင် ထွက်ခွာသူတွေ အဆမတန်များပြားနေပြီး တရားဝင်ထွက်ခွာဖို့ ပတ်စ်ပို့ လျှောက်ထားသူတွေဟာလည်း အလွန်များပြားနေပါတယ်။

……………………………………

လူထုအပေါ် ခြိမ်းခြောက်မှုပိုကြီးလာတဲ့ စစ်ကောင်စီတပ်

မြန်မာစစ်ကောင်စီတပ်ဟာ လူထုအပေါ် ခြိမ်းခြောက်မှု ပိုပြီးကြီးထွားလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာ ထိခိုက်ဆုံးရှုံးမှုတွေ များနေတာကြောင့် စစ်အင်အားလိုအပ်နေတဲ့အတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။ ဒီလို အင်အားနည်းနေပေမယ့် ပြည်သူလူထုအပေါ် ခြိမ်းခြောက်မှုကတော့ ပိုမိုကြီးထွားလာတယ်လို့ အထူးကိုယ်စားလှယ်က ဆိုပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့၊ စစ်ကောင်စီကို ထိရောက်တဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့ စစ်လက်နက်ရရှိမှုကို ပိတ်ဆို့ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သူက တောင်းဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က အပြင်းအထန် ကန့်ကွက်တယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းဖို့ နေရာတချို့မှာ စာရင်းကောက်တာတွေ ပြုလုပ်နေပြီလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

……………………………………

နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၇ သိန်းကျော်သွားပြီ

ပုံစာ – ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ တိုက်ပွဲကြောင့် ၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်းက ထွက်ပြေးတိမ်းရှောင်ကြသူတွေ။

မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ ၂၇ သိန်းကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

အဲဒီထဲက ၂၄ သိန်းကျော်ဟာ အာဏာသိမ်းပြီးနောက်မှာ ထွက်ပြေးရသူတွေဖြစ်ပြီး ကျန်သုံးသိန်းကျော်က အာဏာ မသိမ်းခင်ကပင် ရှိနေတာလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး UNOCHA က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ တိုးလာနေပေမယ့် ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တွေ ရှိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မှာ အပစ်ရပ်ထား လို့ အများစုနေရပ်ပြန်ကြပေမယ့် လူနှစ်သောင်းသုံးထောင်ကျော်ဟာ မြို့နယ် ၁၅ခုမှာ ခိုလှုံနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရဲ့အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေအပါအဝင် ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေတာကြောင့် အရပ်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဖော်ပြပါတယ်။

……………………………………

ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ စစ်တွေမြို့နားကပ်လာ

ပုံစာ – ကျောက်တော်မြို့မှာရှိတဲ့ ခမရ ၅၃၉ တပ်ရင်းကို AA က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေဟာ မြို့တော် စစ်တွေအနားကို ရောက်ရှိလာပါတယ်။

ရခိုင်မှာ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တောမြို့တွေကို ရက္ခိုင့်တပ်တော် AA က သိမ်းယူထားပါတယ်။ ပေါက်တောမြို့ဟာ စစ်တွေနဲ့ အနီးဆုံးဖြစ်ပါတယ်။ ကုလားတန်မြစ်ခြားပြီး မိုင် ၁၀ ကျော် ကွာဝေးပါတယ်။

ရန်ကုန်-စစ်တွေ ကားလမ်ပေါ်မှာ တည်ရှိပြီး စစ်တွေနဲ့ မိုင် ၂၀ကျော်ပဲ ဝေးကွာတဲ့ ပုဏ္ဏားကျွန်းမြို့မှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို AA က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ သိမ်းယူလိုက်ပြီး အဲဒီမှာ တစ်ခုတည်းရှိတဲ့ စစ်ကောင်စီ ခမရ ၅၅၀ တပ်ရင်းကို AA က ဆက်လက်တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းကနေ စစ်တွေကိုလာတဲ့ ကားလမ်းပေါ်က တံတားတစ်စင်းကို ဖျက်ဆီးထားတယ်လို့ ဒေသတွင် သတင်းတွေက ဆိုပါတယ်။ AA ဘက်က စစ်တွေမှာရှိတဲ့ စစ်ကောင်စီ ဒကစ တစ်ခုလုံး လက်နက်ချဖို့ စာပို့ထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့တွေမှာရှိတဲ့ လက်နက်မချသေးတဲ့ စစ်ကောင်စီတပ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

……………………………………

ပတ်စ်ပို့လုပ်ဖို့တန်းစီရင်း လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦးသေဆုံး

မန္တလေးမြို့မှာ ပတ်စ်ပို့လုပ်ဖို့ တန်းစီရင်း လူအုပ်ပိလို့ အသက်ရှူကြပ်သတိလစ်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၂နာရီခွဲ လောက်မှာ ပတ်စ်ပို့ရုံးရှေ့မှာ တန်းစီတိုးဝှေ့ကြရင်းနဲ့ လူအုပ်ပိသွားတာပါ။ အသက် ၅၀ ကျော် အရွယ်နဲ့ အသက် ၄၀နီးပါးအရွယ် အမျိုးသမီးနှစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသမီးတစ်ဦး ခြောက်ထောက်ကျိုး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပတ်စ်ပို့လုပ်ဖို့ တန်းစီရင် လူသေဆုံးတဲ့ ပထမဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီက စစ်မှုမထမ်းအနေရ ဥပဒေကို အသက်သွင်းလိုက်ပြီးနောက်မှာ ပတ်စ်ပို့ လုပ်သူတွေ အလွန်များလာတာပါ။ မန္တလေးပတ်စပို့ ရုံးမှာ တစ်ရက်ကို လူ ၂၅၀ လုပ်ပေးတဲ့ နေရာမှာ လျှောက်ဖို့လာသူ လူ ငါးထောင်လျှောက်အထိ ရှိနေတာ ကြောင့် မိုးမလင်းခင်ကပင် တန်းစီတိုးဝှေ့ကြတာပါ။

……………………………………

ရခိုင်သို့ လေကြောင်းနဲ့ ပြန်လာသူရာနဲ့ချီ ဖမ်းဆီးခံထားရ

ရန်ကုန်ကနေ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို လေယာဉ်နဲ့ ပြန်လာတဲ့ လူငယ်ရာနဲ့ချီကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ထားပါတယ်။

ရန်ကုန်ကနေ ကျောက်ဖြူကို ဖေဖော်ဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ပြန်လာတဲ့ လူငယ်တွေကို လေယာဉ်ပေါ် က ဆင်းဆင်းချင်းမှာပဲ စစ်ကောင်စီတပ်၊ ရဲနှင့် ထွေအုပ်တွေက ကားပေါ်တင်ပြီး ခေါ်ဆောင်သွားတာပါ။ အလားတူ ရန်ကုန်ကနေ စစ်တွေမြို့ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ လေယာဉ်နဲ့ ပြန်လာတဲ့ လူငယ်တွေဟာလည်း စစ်တွေ လေဆိပ်မှာ ဖမ်းဆီးခံရ ပါတယ်။

စစ်တွေနဲ့ ကျောက်ဖြူမှာ ဖမ်းဆီးခံရသူ ငါးရာကျော်ရှိနေပြီး အဲဒီထဲက အမျိုးသမီးတွေ၊ မြို့ခံတွေနဲ့ နိုင်ငံ့ဝန်ထမ်းတချို့ကိုပဲ ပြန်လွှတ်ပေးသေးတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara (နိရဉ္စရာ) က ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ဖော်ပြတဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

လူငယ်တွေကို AA နဲ့ ဆက်စပ်မှုရှိမရှိ စစ်ဆေးနေတယ်လို့ ဒေသတွင်းသတင်တွေက ဆိုပါတယ်။ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမှာကို မိသားစုတွေ စိတ်ပူနေကြပါတယ်။

……………………………………

ရှမ်းမှာ အရွယ်ရောက်သူတိုင်း ၆နှစ် စစ်မှုထမ်းရမယ်လို့ RCSS/SSA ကြေညာ

ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ ဘယ်တိုင်းရင်းသားမဆို အသက် ၁၈နှစ်ပြည့်ရင် ၆နှစ် စစ်မှုထမ်းရမယ်လို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကြေညာထားပါတယ်။

အသက် ၁၈နှစ်ကနေ ၄၅နှစ်အတွင်းရှိတဲ့ အမျိုးသား၊ အမျိုးသမီးအားလုံး RCSS/SSA ဆီမှာ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

စက်မှု၊ နည်းပညာ စတဲ့ ကျွမ်းကျင်သူတွေက ကျွမ်းကျင်မှုအလိုက်တာဝန်ထမ်းရမှာဖြစ်သလို တက္ကသိုလ်ကျောင်းသား ဆိုရင်တောင် ရုံးလုပ်ငန်း တာဝန်ထမ်းရမယ်လို့ ဆိုပါတယ်။

စစ်မှုမထမ်းလိုဘဲ ပြည်ပကို တိမ်းရှောင်ရင် ပိုင်ဆိုင်တဲ့ အိမ်ခြံမြေ၊ လယ်ယာတွေကို သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်လို့ ပြည်သူတွေ စိုးရိမ်နေကြချိန်မှာ RCSS အခုလို အပြိုင်ကြေညာလိုက်တဲ့အတွက် ရှမ်းပြည်နယ်မှာနေထိုင်သူတွေဟာ ပိုမိုစိုးရိမ်နေကြရပါတယ်။

RCSS ဟာ အပစ်ရပ်သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အာဏာသိမ်းကာလမှာ တော်လှန်ရေးမှာ ပါဝင်မှုမရှိဘဲ စစ်ကောင်စီနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

……………………………………