ဖမ်းဆီးစစ်ဆေးမှုတင်းကြပ်နေသည့် ကံပေါက်တွင် ပေါ်တာဆွဲမည်ကို မစိုးရိမ်ရန် စစ်ကောင်စီ လက်ကမ်းစာစောင်ဝေ

0
2138
ပုံစာ- ကံပေါက်ရွာ၊ ဗိုလ်ချုပ်လမ်းတွင် ၂၀၂၁ မတ်လဆန်းပိုင်း၌ တွေ့ရသော စစ်ကောင်စီတပ်သားများ

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ စည်ပင်သာယာဈေးတွင် စစ်မှုထမ်းမှုဥပဒေအတွက် မစိုးရိမ်ကြရန် လက်ကမ်း စာစောင်များကို ဖေဖော်ဝါရီလ ၁၉ ရက် နှင့် ၂၀ ရက် နှစ်ရက်ဆက်တိုက် လာရောက်ဖြန့်ဝေနေကြောင်း ဒေသခံများက ပြောသည်။

“လက်ကမ်းစာစောင်က ဘယ်သူလာဝေနေလဲတောင် မသိဘူး။ ဈေးထဲမှာတော့ တော်တော်ပျံ့နေတယ်။ စာရွက် နှစ်ချပ်တွဲလေးပဲ” ဟု ကံပေါက်ဈေးက ဈေးသည်တစ်ဦးက ပြောသည်။

အဆိုပါ လက်ကမ်းစာရွက်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မစိုးရိမ်ရန်၊ တစ်မျိုးသားလုံး စစ်ပညာသင်ရန်၊ စစ်မှုထမ်းရန် တာဝန်ရှိကြောင်းအပြင် ပြည်ပထွက်ခွင့် ပိတ်ပင်ထားခြင်း မရှိကြောင်း၊ ပေါ်တာဆွဲနေခြင်းလည်း မရှိကြောင်း ဖော်ပြထားသည်။

လက်ကမ်းစာစောင်များကို ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာများအားလုံး အရောင်းအဝယ်အဓိက ပြုလုပ်သည့် ကံပေါက် ဈေးတစ်ခုတည်းတွင် ဖြန့်ဝေနေခြင်းဖြစ်သည်။

တိုက်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယခုကဲ့သို့ လက်ကမ်းစာစောင်ဝေငှ ခြင်းမရှိသေးကြောင်း ဒေသခံတို့က ဆိုသည်။

ကံပေါက်ဒေသသို့ ရေး-ထားဝယ်ကားလမ်းမှ ဝင်ရောက်သည့် လမ်းပိုင်းရှိ ဂန့်ဂေါ်တောင် သစ်တောရုံးဂိတ်တွင် ခရီးသွားရန် အကြောင်းပြချက် မခိုင်လုံသူများကို ပြန်လှည့်ခိုင်းကြောင်း ဒေသခံတို့ကပြောသည်။

စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးသည့် ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းတွင် ကံပေါက်တိုက်နယ်အတွင်းရှိ လူငယ်အများအပြား ထိုင်းနိုင်ငံသို့ ထွက်သွားကြောင်း ခရီးသည်ပို့ဆောင်သည့်ယာဉ်မောင်းများထံက သိရသည်။

“၁၁ ရက်ကနေဆိုရင် ကံပေါက်မှာရှိတဲ့ ကားဂိတ်နှစ်ခုစလုံးက ကားရှိသမျှအကုန်ထွက်ပေးရတယ်။ ရုံးပိတ်ရက်တောင် အဲဒီလောက်အထိ ကားအကုန်မထွက်ပေးရဘူး။ အခုလည်း ထွက်နေကြတုန်းပဲ။ အခုက လူငယ်ဆိုနည်းနည်းပိုစစ်တယ်။ မေးမြန်းလို့ သေချာမဖြေနိုင်ရင် ခေါ်ခဲ့တယ် ရွာအပြင်ပေးမထွက်ဘူး” ဟု ကားသမားတစ်ဦးက ပြောသည်။

ကံပေါက်ဒေသတွင် ယခုနှစ်ဆန်းပိုင်းကစ၍ ဒေသခံများ ဖမ်းဆီးစစ်ဆေးခံနေရပြီး အများစုပြန်လွတ်လာကာ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၂ ဦး ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်သည်။