ထားဝယ်အရှေ့တောဒေသတွင် သုံးရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုဖြစ်

0
1240

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ သုံးရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၄ နာရီခန့်က လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသည့် ကား ၁၇ စီးပါ စစ်ကာင်စီတပ် ယာဉ်တန်းနှင့် အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သင်္ကန်းတုန်းရွာတွင် ပစ်ခတ်တိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၉ ရက် နံနက်အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်သလို စနိုက်ဘာ၊ ဒရုန်းတို့အသုံးပြုကာလည်း တိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အချို့ သေဆုံးသည်ဟု ကြားရကြောင်းလည်း ၎င်းက ဆိုသည်။

“စစ်တပ်ကားတွေအားလုံး သင်္ကန်းတုံးရွာနားက သစ်ပင်တွေအောက်မှာ အကုန်ထိုးရပ်ထားတယ်လို့ ပြောတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

သုံးရက်အတွင်း နှစ်ဖက်ပစ်ခတ်မှု လေးကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်တန်းသည် သင်္ကန်းတုံးတွင် နှစ်ညရှိပြီဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ဝကုန်းနဲ့ သင်္ကန်းတုံးကြားကို လုံးဝ တိုးမပေါက်ဘူးလို့ကြားတယ်။ မနေ့ကလည်း (ပစ်ခတ်မှု) ဖြစ်တယ်။ အခုမိုးလင်းတုန်း ကလည်း ဖြစ်နေတယ်။လက်နက်ကြီး၊ လက်နက်ငယ်ကတော့ နှစ်ဖက်စလုံးက ပစ်နေတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများမှာ ဖမ်းဆီးခံရမည်စိုးသဖြင့် ဘေးလွတ်ရာ တောတောင်များ ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်က လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်သဖြင့် ပြည်ပသို့ ထွက်ခွာမှုများလည်းရှိနေကြောင်း စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။