တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1229

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ

ဗြိတိန်ဘုရင်တွင် ကင်ဆာရောဂါတွေ့ရှိ

ဗြိတိန်နိုင်ငံက တတိယမြောက်ချားလ်စ်ဘုရင်ကြီး ချားလ်စ် ဘုရင် ကင်ဆာရောဂါတမျိုး ဖြစ်ပွားနေကြောင်း ဆေးစစ်သိရှိရပြီးနောက် စတင်ကုသမှုခံယူနေပြီလို့ သိရပါတယ်။

အသက် ၇၅ နှစ်အရွယ်ရှိတဲ့ ဘုရင်ကြီးရဲ့ ကင်ဆာရောဂါအကြောင်းကို ဘာကင်ဟမ်နန်းတော်က ဖေဖော်ဝါရီ ၅ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီကင်ဆာက ချားလ်စ်ဘုရင် တလောကပဲ ဆေးစစ်ခဲ့တဲ့ ဆီးကျိတ်ကိစ္စ ဆေးကုသမှုခံခဲ့တာနဲ့ မဆိုင်ပါဘူး။

ဘုရင်ကြီးမှာတွေ့ရတာ ကင်ဆာ ဘာအမျိုးအစားလဲ ဆိုတာလည်း မပြောထားပါဘူး။

အရင်လက ချားလ်စ်ဘုရင်ကို ဆီးကျိတ်ရောင်နေလို့ ဆေးကုသမှုလုပ်တာမှာ စစ်ဆေးကြည့်ရမယ့် အခြေအနေတွေ့လို့ စစ်ဆေးကြည့်တာကနေ အခုကင်ဆာရောဂါကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

ပုံမှန်ဆေးကုသမှု ယူသွားရမှာဖြစ်ပြီး ဆေးကုသမှုခံယူနေတဲ့ အတောအတွင်းမှာတော့ လူထုနဲ့ တွေ့ဆုံမှုတွေ ရပ်နားထားဖို့ လိုနေတာပါ။

နိုင်ငံတော် အရေးအခင်းတွေ၊ စာရွတ်စာတမ်းဆိုင်ရာ လုပ်ငန်းတာဝန်တွေကိုတော့ ထုံးစံအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ နန်းတော်က ထုတ်ပြန်ထားပါတယ်။

Ref: CNBC

………………………………..

ထောင် ၁၂ နှစ်ချထားသော မလေးရှားဝန်ကြီးချုပ်ဟောင်းကို ပြစ်ဒဏ် တစ်ဝက်လျှော့

မလေးရှားနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၁၂ နှစ်ချခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ကို လွတ်ငြိမ်းသက်သာခွင့်ဆိုင်ရာဘုတ်အဖွဲ့က ထောင်ဒဏ် တဝက်လျှော့ချပေးလိုက်ပါတယ်။

ချမှတ်ထားတဲ့ ငွေဒဏ်ကိုလည်း သိသိသာသာ လျှော့ပေါ့ပေးလိုက်တာပါ။

မလေးရှားအစိုးရဘဏ္ဍာငွေတွေနဲ့ တည်ထောင်ခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတွေထဲက ဒေါ်လာသန်း ရာနဲ့ချီကို သူ့အိတ်ထဲထည့်ခဲ့တယ်ဆိုပြီး ဝန်ကြီးချုပ်ဟောင်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လကစလို့ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

အခုလိုထောင်ဒဏ် ထက်ဝက်လျော့သွားတဲ့အတွက် သူဟာ ၂၀၂၈ ခုနှစ်မှာ ပြန်လွတ်လာတော့မှာပါ။

ငွေဒဏ် ရင်းဂစ် သန်း ၂၁၀ ကိုလည်း ဒေါ်လာ ၁၁ သန်းလောက်နဲ့ညီမျှတဲ့ Ringgit သန်း ၅၀ အထိ လျှော့ချပေးခဲ့ပါတယ်။

Ref: CNN

………………………………..

ချီလီ တောမီးကြောင့် အနည်းဆုံး ၁၂၃ ဦးသေဆုံး

ချီလီနိုင်ငံ အလယ်ပိုင်းက လူဦးရေထူထပ်တဲ့နေရာမှာ တောမီးအပြင်းအထန် လောင်ကျွမ်းခဲ့လို့ အနည်းဆုံး ၁၂၃ ဦး သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့ပြီး လူရာပေါင်းများစွာ ပျောက်ဆုံးခဲ့တာပါ။

မီးလောင်မှုကြောင့် အိမ်ခြေ ၁၅၀၀၀ ကျော်ထက်မနည်း ပျက်စီးခဲ့ပါသေးတယ်။

ဒေသခံတွေအတွက် မီးအန္တရာယ် အဆိုးဆုံး ခံနေရတဲ့ နေရာတွေကို အရောက်သွားနိုင်ဖို့လည်း မီးသတ်သမားတွေ အပြင်းအထန် ကြိုးပမ်းခဲ့ကြပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ သမ္မတက ညွှန်ကြားထားပါတယ်။

အပူချိန်လွန်ကဲနေလို့ ချီလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တောမီးလောင်ကျွမ်းမှု ၉၂ ခုအထိ ရှိခဲ့ပါတယ်။

Ref: BBC

………………………………..

သြစတြေးလျစာရေးဆရာတစ်ဦးကို တရုတ်က ဆိုင်းငံ့သေဒဏ်ချမှတ်

သြစတြေးလျနိုင်ငံသားခံယူထားတဲ့ တရုတ်စာရေးဆရာတစ်ဦးကို တရုတ်နိုင်ငံမှာ ဆိုင်းငံ့သေဒဏ် စီရင်ချက်မှတ်ခံလိုက်ရပါတယ်။

ဒါကို ဩစတေးလျအစိုးရက ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြောကြားလိုက်တာပါ။

Yang Jun လို့ခေါ်တဲ့ စာရေးဆရာကို သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ဖမ်းဆီးခဲ့ပါတယ်။

ဆိုင်းငံ့သေဒဏ် စီရင်ချက်ကို ၂ နှစ်ကြာတဲ့အခါ တသက်တကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်မယ်လို့ မျှော်လင့်ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Wang Wenbin က ပြောပါတယ်။

သြစတြေးလျ အစိုးရကတော့ တရားမျှတမှု အခြေခံစံတွေရှိဖို့၊ မျှမျှတတဆောင်ရွက်ဖို့နဲ့ စာနာမှုရှိရှိ ဆက်ဆံဖို့ ထပ်တလဲလဲ တောင်းဆိုထားပါတယ်။

Ref: Hong Kong Press

………………………………..

အမေရိကန်တွင် စစ်အေးခေတ် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သော ဒုံးကျည်ကို နေအိမ်တွင် တွေ့ရှိ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် Bellevue မြို့က ကွယ်လွန်သူတစ်ဦးရဲ့ နေအိမ်မှာ စစ်အေးခေတ်ကာလက နျူးကလီးယားထိပ်ဖူးတပ်ဆင်အသုံးပြုတဲ့ ဒုံးကျည်ကြီးတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

ဒုံးကျည်ကို တွေ့ခဲ့လို့ ပြတိုက်က လှူဖို့ပြောတဲ့အချိန် ရဲတွေက ဗုံးရှင်းလင်းရေးအဖွဲ့တွေနဲ့ လာရောက်ရှင်းလင်းခဲ့တာပါ။

ဒီဒုံးကျည်ဟာ Douglas AIR-2 Genie အမျိုးအစားဖြစ်ပြီး လေယာဉ်ကနေ ဝေဟင်ပစ်နိုင်ဖို့ ပဲ့ထိန်းမပါတဲ့ နျူးကလီးယားထိပ်ဖူးကို တပ်ဆင်အသုံးပြုဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။

တွေ့ရှိချိန်မှာတော့ နျူးကလီးယားထိပ်ဖူးလည်း တပ်ဆင်မထားသလို ဒုံးကျည်ထဲ လောင်စာဆီလည်းရှိမနေခဲ့ပါဘူး။

Ref: BBC

………………………………..

၂၀၅၀ ပြည့်နှစ်တွင် ကင်ဆာရောဂါသည် ၃၅သန်း ကျော်အထိ တိုးလာမည်ဟုဆို

လာမယ့် ၂၀၅၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာပေါ်မှာကင်ဆာရောဂါသည် ၃၅သန်းကျော်အထိ တိုးလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က သတိပေးလိုက်ပါတယ်။

ဒါကို ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကင်ဆာရောဂါနေ့မတိုင်ခင် ထုတ်ပြန်ခဲ့တဲ့ WHO ရဲ့ ကုလ အစီရင်ခံစာမှာ သတိပေးထားတာပါ။

ဆေးလိပ်နဲ့အရက်သောက်သုံးမှု ၊ အဝလွန်ခြင်းနဲ့ လေထုညစ်ညမ်းတာတွေက ကင်ဆာဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းတွေလို့ ဆိုထားပါတယ်။

၂၀၂၂ ခု စာရင်းအရ တကမ္ဘာလုံး ကင်ဆာဝေဒနာသည် သန်း ၂၀ လောက် ရှိနေခဲ့ပါတယ်။

ဒီထဲမှာ ကင်ဆာကြောင့် သေဆုံးနေတာ ၉ ဒသမ ၇ သန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားရော အမျိုးသမီးတွေမှာပါ အဖြစ်များလာနေတာကတော့ အူမကြီးနဲ့ စအိုကင်ဆာတွေဖြစ်တယ်လို့ ကင်ဆာကျွမ်းကျင် သုတေသနပညာရှင်တစ်ဦးက ထောက်ပြထားပါတယ်။

Ref: CNN

………………………………..

ဖိလစ်ပိုင်တွင် ရွှေတွင်းမြေပြိုမှု ၁၁ ဦးထက်မနည်း သေဆုံး

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း တောင်ပေါ်ဒေသက ရွှေတွင်းတစ်ခုမှာ မိုးသည်းထန် မြေပြိုရာက လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး လူ ၁၁၀ ကျော် ပျောက်ဆုံးနေခဲ့ပါတယ်။

Mindanao ကျွန်းက ရွှေတူးဖော်နေတဲ့နေရာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညဖက်အချိန် မြေပြိုမှုဖြစ်ပွားခဲ့တာပါ။

မြေပြိုခဲ့လို့ နေအိမ်တွေ၊ ဘတ်စ်ကားတွေ ပျက်စီးခဲ့သလို အိမ်ထောင်စုပေါင်း ၁၁၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ထားရပါတယ်။

ရွှေတွင်းကိုသွားတဲ့ ဘတ်စ်ကားတွေပေါ်မှာ လူ ၂၈ ယောက် လိုက်ပါသွားခဲ့ရာမှာ ၈ ယောက်ကတော့ မြေပြိုပြီး ပိတ်မမိခင်မှာပဲ ပြတင်းပေါက်တွေကနေ ရှောင်လိုက်နိုင်ကြပါတယ်။

ရွှေတွင်းပိုင်ရှင် Apex Mining ကုမ္ပဏီကတော့ ဝန်ထမ်း ၆၂ ဦး လွတ်မြောက်လာခဲ့ပြီး ၄၅ ဦး ပျောက်နေတယ်လို့ ပြောကြားထားပါတယ်။

Ref: CNN

………………………………..

ပါကစ္စတန်ရွေးကောက်ပွဲရုံး ဗုံးပေါက်ကွဲမှု ၂၈ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Baluchistan ပြည်နယ်မှာ ရွေးကောက်ပွဲရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် အနည်းဆုံး ၂၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန် Pishin နဲ့ Qilla Saifullah ခရိုင်က ပေါက်ကွဲမှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ အပတ်ကလည်း Baluchistan က တခြားခရိုင်တစ်မှာ ရွေးကောက်ပွဲစည်းရုံးရေးလှုပ်ရှားမှုထဲ့ ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ ၅ ဦး သေဆုံးခဲ့ရပါသေးတယ်။

ဒါပေမဲ့လည်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ လုံခြုံရေးတွေ တိုးမြင့်ချခဲ့ပြီး ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။

Ref: BBC

………………………………..

တောင်ကိုရီးယားနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြောက်ကိုရီးယားရပ်ဆိုင်း

တောင်ကိုရီးယားနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့ သဘောတူညီချက် အားလုံးကို ပယ်ဖျက်လိုက်တဲ့အကြောင်း မြောက်ကိုရီးယား ပြည်သူ့ လွှတ်တော်က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအကြား Kumgang တောင် ခရီးသွားလုပ်ငန်း ပူးတွဲ စီမံချက် အထူးဥပဒေ အပါအဝင် စီးပွားရေးအရ ဆက်ဆံမှု အားလုံးကို မဲခွဲပြီး ရုတ်သိမ်းလိုက်တာပါ။

သာယာတဲ့ Kumgang တောင် အပန်းဖြေ ခရီးစဉ်ကို ၂၀၀၀ ပြည့်နှစ် အစောပိုင်းတုန်းက စတင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂၀၀၈ ခုနှစ်က တောင်ကိုရီးယား ခရီးသွားအဖွဲ့ထဲက ကွဲထွက်ပြီး လမ်းပျောက်နေတဲ့ ခရီးသည်တစ်ဦးကို မြောက်ကိုရီးယား အစောင့်တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပြီးနောက်မှာ ရပ်ဆိုင်းထားခဲ့ပါတယ်။

တောင်ကိုရီးယားဝန်ကြီးကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်အပေါ် မအံ့ဩတဲ့အကြောင်းနဲ့ ဒီလုပ်ရပ်ကြောင့် မြောက်ကိုရီးယားနိုင်ငံပဲ ပိုပြီး အထီးကျန် ဖြစ်စေလိမ့်မယ်လို့ ပြောကြားထားပါတယ်။

Ref: Aljazeera

………………………………..

ကမ္ဘာ့အသေးဆုံးလမ်းလျှောက်စက်ရုပ်ကို ဟောင်ကောင်ကျောင်းသားတစ်စု တီထွင်

ဟောင်ကောင်ကျောင်းသား ၄ ဦးဟာ ကမ္ဘာ့အသေးဆုံးလမ်းလျှောက်စက်ရုပ်ကို တီထွင်နိုင်တဲ့အတွက် ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပါတယ်။

Diocesan Boys’ School စက်ရုပ်အသင်းက ကျောင်းသား ၄ ဦးဟာ ၅ ဒသမ ၅၅ လက်မမျှသာရှိတဲ့စက်ရုပ်ကို တီထွင်ပြီးတော့ အရင်စံချိန်ကိုချိုးခဲ့တာပါ။

ဒီစက်ရုပ်အသေးစားလေးက ခြေထောက် ၂ ချောင်းနဲ့ လမ်းလျှောက်ရုံသာမက ပခုံး၊ တံတောင်ဆစ်၊ ဒူးနဲ့ တင်ပါးတွေကို လှုပ်နိုင် ကွေးနိုင်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းရဲ့ စံညွှန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေခဲ့တာပါ။

သူတို့ရဲ့ဖန်တီးမှုက အနာဂတ်မျိုးဆက်သစ်လူငယ်တွေရဲ့စိတ်ကို လှုံ့ဆော်ပေးရင်းနဲ့ လူတိုင်းတတ်နိုင်တဲ့ ပညာရေးဆိုင်ရာကိရိယာတစ်ခုဖြစ်လာစေဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

Ref: NDTV

………………………………..