သံဖြူဇရပ်၊ ကရုပ္ပိရွာပြည်သူ့စစ်ခေါင်းဆောင်နှင့်အဖွဲ့ဝင် ပြန်မလွတ်လာသေး

0
1042
ပုံစာ - ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နှင့် အဖွဲ့ဝင် ဦးမောင်ကိုတို့ ဖမ်းဆီးထားကြောင်း တောင်ညိုစစ်ကြောင်း တပ်ခွဲ့ (၁) က ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်း။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာက ဖမ်းဆီးခံရသည့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးတို့ ပြန်လွတ်လာခြင်း မရှိသေးကြောင်း နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။

ကရုပ္ပိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နှင့် အဖွဲ့ဝင် ဦးမောင်ကိုတို့ အပြင် ရော်ဘာခြံ လုပ်သား ဦးမြဝင်း၊ ဦးစိုးမင်းနှင့် ဦးမော်ကွန်းတို့ကို ပြီးခဲ့သည့်ဇန်နဝါရီ ၂၉ ရက်နေ့က တောင်ညိုစစ်ကြောင်း တပ်ခွဲ (၁) က ရော်ခြံတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးသွားသူများအနက်မှ ရော်ဘာခြံလုပ်သားသုံးဦးကို ဇန်နဝါရီလ ၃၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ သော်လည်း ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နှင့် အဖွဲ့ဝင် ဦးမောင်ကိုတို့ မလွှတ်လာသေးကြေင်း ဒေသခံတို့က ဆိုသည်။

ဦးမောင်စိန်နှင့် ဦးမောင်ကိုတို့ ဖမ်းဆီးခံထားရသည်မှာ တစ်ပတ်ကျော်ကြာလာပြီး သတင်းအစအနလည်း မရဖြစ်နေကြောင်း နီးစပ်သည့်ဒေသခံတစ်ဦးက ပြောဆိုသည်။

“ခြံသမား ၃ ဦးကတော့ ဖမ်းပြီး နောက်နေ့မှပဲ ပြန်လွှတ်ပေးတယ်။ အခု ဖမ်းသွားတာ တစ်ပတ်၊ ၁၀ ရက်ပြည့်တော့မယ်။ ဘာသတင်းမှလည်းမကြားရတော့ မိသားစုတွေကတော့ စိတ်ပူတာပေါ့လေ” ဟု ၎င်းက ပြောသည်။

တောင်ညိုစစ်ကြောင်း တပ်ခွဲ့ (၁) ဘက်ကလည်း ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်နှင့် အဖွဲ့ဝင် ဦးမောင်ကိုတို့ ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသာ ထုတ်ပြန်ထားပြီး ၎င်းတို့ နှစ်ဦးနှင့် ပတ်သက်သည့် စစ်ဆေးအရေးယူမှု အခြေအနေကိုမူ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်တို့ကို ဖမ်းဆီးစဉ်က ၃၈ ဗို့ ခြောက်လုံးပြူး သေနတ်တစ်လက်၊ AK 47 သေနတ် နှစ်လက်၊ M 16 သေနတ် တစ်လက်နှင့် ကားတစ်စီးတို့ကိုလည်း သိမ်းဆည်း ရမိကြောင်း တောင်ညိုစစ်ကြောင်း တပ်ခွဲ ၁ ထံမှ သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်သည် ကရုပ္ပိကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သည့်အပြင် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေးပါတီ သံဖြူဇရပ်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။