တနင်္သာရီမြို့နယ်၊ မောတောင်ငယ်ရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ

0
1720

တနင်္သာရီမြို့နယ်၊ မောတောင်ငယ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းညီနောင်စစ်ကြောင်းနှင့် ဒေသခံအချို့က ပြောသည်။

“ကြဲတဲ့အလုံးရေက ၁၁ လုံး၊ လေယာဉ်အမျိုးအစားက ဟယ်လီကော်ပတာ Mi 2 နဲ့လာပြီးပစ်တာ၊ အပေါ်က 81 ကျည်နဲ့ပစ်တယ်။ အဆောက်အဦးနဲ့ ဒေသခံတွေထိခိုက်မှုတော့မရှိဘူး” ဟု တောင်ပိုင်းညီနောင်စစ်ကြောင်းမှ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီညီက ပြောသည်။

ထိုင်းနိုင်ငံနယ်စပ် မောတောင်မြို့၏ မြောက်ဘက်တွင်ရှိသည့် မောတောင်ငယ်ရွာသည် ထုံခါ-မောတောင်လမ်းပိုင်းတွင်တည်ရှိပြီး တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့်လည်း နီးသည်။ မောတောင်ငယ်မှာ ကရင်တိုင်းရင်းသားများ နေထိုင်သည့် ရွာငယ်လေးတစ်ခုဖြစ်သည်။

ထုံခါ-မောတောင် လမ်းပိုင်းတစ်လျှောက်ကို KTLA တပ်နှင့် တော်လှန်ရေးတပ်များက ပြီးခဲ့သည့်နှစ်ကတည်းက နယ်မြေစိုးမိုးထားပြီး လုံခြုံရေးဂိတ်စခန်းများထားရှိသည်ဟု ကိုစိုင်းညီညီက ဆိုသည်။

မြန်မာနိုင်ငံအနှံ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းကို ကြည်း၊ ရေတပ်များအပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ ခပ်စိတ်စိတ်လုပ်ဆောင်လာနေသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း တနင်္သာရီမြို့နယ်၊ ဘန်လောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပြန်တွင် ကျွန်းစုမြို့နယ် မင်းဂုတ်ရွာကိုလည်း ဗုံးကြဲခဲ့သေးသည်။