အောင်မင်္ဂလာ အဝေးပြေးကားဝင်း မီးလောင်၊ ၃ ဦးသေဆုံး

0
1281
ပုံစာ - ယနေ့မနက် အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း မီးလောင်မှု မီးငြှိမ်းသတ်နေစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရှိ အောင်မင်္ဂလာအဝေးပြေး ယာဥ်ရပ်နားကွင်းတွင် ယနေ့(ဖေဖော်ဝါရီ ၅) နံနက် ၅ နာရီ ၅ မိနစ်က မီးလောင်ခဲ့ရာ ကားဂိတ်နှင့်ဆိုင်ခန်း ၇ ခန်း မီးလောင်ပျက်စီးပြီး လူသေဆုံးမှုလည်းရှိခဲ့ကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်ခဲ့သည့် မီးသတ်တပ်ဖွဲ့များထံကသိရသည်။

အောင်မင်္ဂလာအဝေးပြေးကွင်း ၊ (ပ) ကွင်း ၊ တနင်္သာရီလမ်းရှိ ရွှေလင်းယုန်ကားဂိတ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းကားဂိတ်တွင် အိပ်နေသည့် အမျိုးသားသုံးဦး မီးလောင်သေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တာဝန်ရှိသူ ဦးထင်လင်းအောင် ကပြောသည်။

“မီးစလောင်တာက လေအေးပေးစက် အပူလွန်ကဲပြီးလောင်တာပါ။ ၊ ဆိုင်ခန်း ၇ ခန်းလောက်ကတော့ မီးလောင်ပျက်စီးသွားတယ် “ ဟု ၎င်းကဆက်ပြောသည်။

မီးလောင်ပျက်စီးသွားသည့် ကားဂိတ်များမှာ ဝင်းကားဂိတ်၊ အောင်ကျော်ဇော်ကားဂိတ် ၊ ရွှေလင်းယုန်ကားဂိတ် ၊ သိန်းသန်းကျော်ကားဂိတ် ၊ ရွှေယုန်လေးကားဂိတ် ၊ အမည်အတည်မပြုနိုင်သေးသည့် ကားဂိတ် တစ်ခု နှင့် ရန်ကုန်မှ ထားဝယ်၊မြိတ်သို့ ပြေးဆွဲနေသည့် ရာဇာမင်း Express ကားဂိတ်တို့ဖြစ်ကြသည်။

မီးလောင်ပျက်စီးမှု နှင့်ပတ်သက်၍ ရာဇာမင်း Express ယာဥ်လိုင်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ အောင်မင်္ဂလာအဝေးပြေကွင်းထဲက ဂိတ်တစ်ဂိတ် မီးထဲပါသွားတာမှန်ပါတယ်။ ပျက်စီးဆုံးရှုံးမှုပမာဏကပြောလို့မရသေးဘူး “ ဟု ဖြေကြားပါသည်။

အဆိုပါ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း မီးလောင်မှုမှာ နာရီဝက်ခန့်အကြာ မနက် ၅ နာရီ ၃၇ မိနစ် တွင်မီးထိန်းနိုင်ခဲ့ပြီး ၅ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။