တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1216

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ရက်နေ့အထိ

ပါလက်စတိုင်းကူညီရေးရန်ပုံငွေ ပြန်ထည့်ပေးဖို့ ကုလတောင်းဆို

ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်ကူညီရေးဌာန (UNRWA) အတွက် ရန်ပုံငွေကို ပြန်လည်ထည့်ပေးကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဇန်နဝါရီလ ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

အစ္စရေးကို တိုက်ခိုက်ခဲ့တုန်းက ကုလဒုက္ခသည်ကူညီရေးဌာနက ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးနေဆဲပါ။

သတင်းကြောင့် အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဖင်လန်၊ နယ်သာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က အကူအညီတွေ ဖြတ်တောက်ထားပါတယ်။

ပါလက်စတိုင်း ဒုက္ခသည် ကူညီရေးဌာနရဲ့ နှစ်စဥ် ဘတ်ဂျက်က ဒေါ်လာ သန်း ၁,၆၀၀ လောက် ရှိပါတယ်။

ဒါကြောင့် ဂါဇာက စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အကူအညီလိုအပ်နေဆဲဖြစ်နေလို့ ထည့်ဝင်ပေးဖို့ တောင်းဆိုထားပါတယ်။

Ref: France 24

………………………………..

ဂျော်ဒန်မှာ အမေရိကန် စစ်သားသုံးဦးသေဆုံးမှုအတွက် တုံ့ပြန်မည်ဟုဆို

ဂျော်ဒန်နိုင်ငံမှာ အမေရိကန်စစ်သား ၃ ဦး ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး တုံ့ပြန်သွားမယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

ဆီးရီးယားနယ်စပ်နားက ဂျော်ဒန်အရှေ့မြောက်ပိုင်းမှာ အမေရိကန်စစ်သားတွေ နေထိုင်ရာနေရာကို တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်ခံရလို့ ကျန်တဲ့ စစ်သား ၃၄ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါနဲ့ပက်သက်လို့ သမ္မတ ဂျိုးဘိုင်ဒန်က တုံ့ပြန်လိမ့်မယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဆိုလိုက်ပါတယ်။

အမေရိကန်က အီရန်နဲ့စစ်မဖြစ်ချင်သလို အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုကျယ်ပြန့်လာအောင် မလုပ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

Ref: AP

………………………………..

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အီမရန်ခန် (Imran Khan) ကို နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ပေါက်ကြားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

သူနဲ့ နောက်တစ်ဦးကို Rawalpindi မြို့က အထူး တရားရုံးမှာ စီရင်ချက်ချခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က လွှတ်တော်မှာ သူ့ကို အယုံအကြည်မရှိ အဆိုကို တင်သွင်းခဲ့ပြီး သူက ရှုံးနိမ့်ခဲ့တဲ့အတွက် ရာထူးမှ နုတ်ထွက်ပေးထားရသူဖြစ်ပါတယ်။

နောက် သူက လူထုစုဝေးပွဲ တစ်ခုမှာ သံတမန်ရေးရာ စာတမ်းတခုကို ထုတ်ဖော်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။

Ref: BBC

………………………………..

နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ ဆွီဒင်နဲ့ဟန်ဂေရီ ဝန်ကြီးချုပ်နှစ်ဦး ဆွေးနွေးမည်

ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့အတွက် ဟန်ဂေရီဝန်ကြီးချုပ်နဲ့ ဆွီဒင်ဝန်ကြီးချုပ်တို့ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ သီးသန့်တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုပါတယ်။

နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက် လိုအပ်နေတာပါ။

ဆွီဒင်ရဲ့လျှောက်ထားချက်ကို ဟန်ဂေရီတစ်နိုင်ငံကပဲ သဘောတူညီချက်ပေးဖို့ လိုအပ်နေပါတယ်။

ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့က နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ကတည်းက ဟန်ဂေရီအမတ်တွေက ဆွီဒင်အဖွဲ့ဝင်ဖြစ်ရေး အပေါ် မဲပေးဖို့ ဆိုင်းငံ့ထားခဲ့ကြတာပါ။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်းကတော့ ဆွီဒင်နိုင်ငံ နေတိုးဝင်ရေးကို သူ ထောက်ခံပါတယ်လို့ ကနဦးဆိုထားပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ ဆွီဒင်နေတိုးဖွဲ့ဝင်ဖို့ တူရကီလွှတ်တော်က သဘောတူချက် ရရှိထားပြီးဖြစ်ပါတယ်။

Ref: Euractiv

………………………………..

အစ္စရေး-ဟားမတ်စ်စစ်ပွဲ သီတင်း ၆ ပတ် အပစ်ရပ်ဖို့ အဆိုပြုထား

၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တရပ်ကို လက်ခံရရှိထားတယ်လို့ ဟာမတ်စ် ခေါင်းဆောင် အစ္စမေး ဟာနီယေးက ဇန်နဝါရီလ ၃၀ ရက်နေမှာ ပြောကြားလိုက်ပါတယ်။

ဒီအပစ်ရပ်စဲရေးထဲမှာ အစ္စရေးဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဥ်းသားနဲ့ ဟာမတ်စ်ဖမ်းသွားတဲ့ ဓားစာခံတွေလဲလှယ်ရေးအစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဒါကို လေ့လာပြီးတဲ့နောက် ဆွေးနွေးဖို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သွားရောက်မယ်လို့လည်း ဆိုထားပါတယ်။

ဦးစားပေးကတော့ အမြဲအပစ်အခတ်ရပ်စဲဖို့နဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ ရုပ်သိမ်း‌ဖို့ဆိုပြီး ပြောကြားထားပါတယ်။

Ref: BBC

………………………………..

ပင်လယ်နီတွင် အမေရိကန်သင်္ဘော တိုက်ခိုက်ခံရ

ပင်လယ်နီဒေသမှာ အမေရိကန် သင်္ဘောတစ်စီးကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယီမင်နိုင်ငံ ဟူသီသူပုန်တွေက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

နောက် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံက သင်္ဘောတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ဆိုလိုက်တာပါ။

တိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှု မရှိသလို ဒဏ်ရာရရှိတဲ့သူလည်း မရှိဘူးလို့ အမေရိကန် စစ်တပ်က ပြောကြားထားပါတယ်။

အမေရိကန်နဲ့ ဗြိတိန်ကတော့ ယီမင်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ဟူသီသူပုန်တွေရဲ့ မစ်ဇိုင်းတွေနဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို ပြန်တိုက်ခိုက်နေပါတယ်။

Ref: BBC

………………………………..

တော်ဝင်ဥပဒေ ပြင်ဆင်ရေး ထပ်မလုပ်ရန် ပီတာနှင့် Move Forward ပါတီကို အမိန့်ချ

ထိုင်းနိုင်ငံမှာ ဘုရင်ကိုဝေဖန်ရင် ရာဇဝတ်မှုအဖြစ် အရေးယူတဲ့ တော်ဝင်ဥပဒေကို ပြုပြင်ပြောင်းရေး ထပ်မလုပ်ဖို့ Move Forward ပါတီနဲ့ ပါတီခေါင်းဆောင် ပီတာကို တရားရုံးက အမိန့်ချလိုက်ပါတယ်။

ပါတီကိုဖျက်သိမ်းဖို့ တိုက်ရိုက်အမိန့်ချတာမဟုတ်လို့ နိုင်ငံရေးအကျပ်အတည်းနဲ့ ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တဲ့အရေးကိုတော့ ရှောင်လိုက်နိုင်တာပါ။

တော်ဝင်ဥပဒေကို ပြင်ဆင်ဖို့ကတိပြုခဲ့တာက ထိုင်းနိုင်ငံရဲ့နိုင်ငံရေးစနစ်တခုလုံးကို ဖြုတ်ချဖို့ ကြိုးပမ်းချက်ဖြစ်နေတယ်လို့ တရားရုံးက ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ Move Forward ပါတီက ပြည်သူတွေကို တော်ဝင်ဥပဒေပြင်ဆင်ပေးဖို့ ကတိပေးထားပါတယ်။

Ref: The Nation

………………………………..

မာရှယ်ကျွန်းနိုင်ငံမှာ ရုတ်တရက် ရေဝင်လာလို့ စစ်စခန်းထဲနေသူတွေ ဘေးလွတ်ရာရွှေ့

မာရှယ်ကျွန်းနိုင်ငံက Roi-Namur ကျွန်းမှာ ဇန်နဝါရီ ၂၇ ရက်နေ့က လှိုင်းလုံးတွေ ရုတ်တရက်ဝင်လာလို့ အမေရိကန်စစ်စခန်းက တာဝန်ထမ်းဆောင်နေသူတွေ ဘေးလွတ်ရာကိုပြောင်းရွှေ့ခဲ့ရပါတယ်။

အမေရိကန်စစ်တပ်ဝန်းထဲက အဆောက်အဦးတစ်ခုထဲကို ရေတွေ အရှိန်ပြင်းပြင်းနဲ့ ဝင်လာခဲ့တာပါ။

ဒါကြောင့် တံခါးတွေကျိုးပျက်ကုန်ပြီး အနီးနားလူတွေလည်း လဲကျကုန်တာ တွေ့ရပါတယ်။

Roi-Namur မြို့ဟာ ဟာဝိုင်ရီကျွန်းရဲ့ အနောက်တောင်ဘက် မိုင် ၂၃၀၀ ခန့်မှာရှိပါတယ်။

အမေရိကန် ဘူမိဆိုင်ရာလေ့လာချက်အရ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်ဒဏ်ကို အမြဲခံရတယ်လို့ သိရပါတယ်။

Ref: CNN

………………………………..

အသက် ၁၂ အရွယ် ကလေးငယ်က အိုင်းစတိုင်း၊ စတီဗင်ဟော့ကင်းများနှင့် ဉာဏ်ရည်တူ

အိုင်းစတိုင်း၊ စတီဗင်ဟော့ကင်းတို့နဲ့ ဉာဏ်ရည်တူသူအဖြစ် သတ်မှတ်ခံရတဲ့ အသက် ၁၂ အရွယ် ကလေးငယ်ဟာ ဉာဏ်ရည်အလွန်မြင့်မားသူများအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

ဟောင်ကောင်မှာ မွေးဖွားခဲ့ပြီး မိသားစုနဲ့အတူ ဗြိတိန်ကို ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ဆိုင်းရပ်စ်လောင်ဟာ IQ ရမှတ် ၁၆၀ မှတ် ရရှိခဲ့တာပါ။

ဆိုင်းရပ်စ်လောင်ဟာ ဉာဏ်ရည်စစ်ဆေးပွဲ လာချိန်မှာ နာရီမေ့ကျန်ခဲ့လို့ ဖြေဆိုချိန် ဘယ်လောက်ကျန်လဲဆိုတာ မကြည့်နိုင်တာကြောင့် စိုးရိမ်ပူပန်ခဲ့ရပါသေးတယ်လို့ သိရပါတယ်။

The Mensa Society လို့ခေါ်တဲ့ ဉာဏ်ရည်အလွန်မြင့်မားသူများအဖွဲ့ဟာ ၁၉၄၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဉာဏ်ရည်မြင့်မားသူတွေရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်အောင် ကူညီပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Ref: Daily Mail

………………………………..

ရာသီဥတုတက်ကြွလှုပ်ရှားသူ နှစ်ဦး မိုနာလီဆာပန်းချီကားကို ဟင်းရည်နဲ့ ပက်

ပဲရစ်မြို့က Louvre ပြတိုက်မှာ ထားရှိတဲ့ နာမည်ကျော်မိုနာလီဆာပန်းချီကား ဟင်းရည်နဲ့ ပက်ခံလိုက်ရပါတယ်။

အခုတစ်ခေါက်ကတော့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေဆီ ခံရတာပါ။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ၂ ဦးက ပန်းချီကားဆီ အနီးကပ်သွားဖို့ လုံခြုံရေးအတားအဆီးတွေကို ချိုးဖျက်ခဲ့ပါတယ်။

ပန်းချီကားသွင်းထားတဲ့ မှန်ဘောင်ပေါ်ဟင်းရည်တွေ ပက်ပစ်ခဲ့တာပါ။ ဒါပေမဲ့ မှန်ဘောင်ကာနေလို့ ပန်းချီကားတော့ အထိအခိုက် မရှိခဲ့ပါဘူး။

သူတို့နှစ်ဦးက ဘာက ပိုအရေးကြီးတာလဲ အနုပညာလား ကျန်းမာရေးနဲ့ညီညွှတ်ပြီး ရေရှည်တည်တံ့တဲ့ အစားအသောက်စနစ်ရှိဖို့လား ဆိုတာကို အော်ဟစ်ခဲ့ကြပါတယ်။

Ref: BBC

………………………………..