ထားဝယ်မြို့နယ်၊ ဝကုန်းရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

0
1169

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ဇန်နဝါရီလ ၂၇ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နေ့လယ်မှ ညနေ ၄ နာရီခန့်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်မှုမရှိဘူး။ သူတို့ဘက်ကတော့ ရှိနိုင်တယ်” ဟု တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဝကုန်းရွာထဲမှ အသက်ကြီးပိုင်း(အသက် ၆၀ ဝန်းကျင်) လင်မယားနှစ်ဦး၏ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည်ဟု ဝကုန်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် ရွာထဲမှ နေအိမ်ပေါ် အရက်မူးပြီး အိပ်ပျော်နေသည့် အသက် ၅၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့မနက်တွင် ပြန်လည်လွတ်မြောက်လာသည်ဟု ၎င်းကပြောသည်။

“စစ်တပ်က သူ့ကိုဖမ်းသွားတယ်။ လက်ကိုကြိုးတုတ်ပြီး ရော်ဘာခြံတစ်ခုထဲထားခဲ့တာ ခုမနက် သူ့ဘာသာသူ ကြိုးဖြေပြီးပြန်လာတယ်တဲ့၊ ပါးတစ်ခြမ်းတော့ ရိုက်နှက်ထားလို့ ယောင်နေတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီလ ၂၇ နှင့် ၂၈ ရက်တွင် အရှေ့တောဒေသခံ အမျိုးသမီး၊ အမျိုးသားငါးဦးကိုဖမ်းဆီးခဲ့ပြီး PDF ရဲဘော်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။

အရှေ့တောဒေသတွင်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့မှ ပြန်ကြားရေးတာဝန်ခံအချို့ကမူ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ပြန်လည်ပြောဆိုသည်။