ကျိုက္ခမီတွင် စိတ်ကြွဆေးပြားရောင်းသည်ဆိုကာ အသက် ၇၀ အရွယ် အမျိုးသားအပါအဝင် ၂ ဦးကိုဖမ်းဆီး

0
1072

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်တွင် စိတ်ကြွဆေးပြား ရောင်းချနေသည့် အသက် ၇၀ အရွယ်အမျိုးသားအပါအဝင် အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အောင်ပင်လယ်ရပ်ကွက်၊ အောင်နိဗ္ဗာန်လမ်းသွယ်ရှိ ဦးတင်မြ၏ နေအိမ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီချိန်တွင် ကျိုက္ခမီ ရဲတပ်ဖွဲ့ဝင်ရောက်ရှာဖွေရာမှ ယင်းသို့ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၇၀ နှစ်အရွယ် ဦးတင်မြင့်နှင့် အသက် ၂၅ နှစ်အရွယ် စိုးထက်အောင် တို့နှစ်ဦးကို WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၁ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့၏ ခန္ဓာကိုယ်အား ဆက်လက်ရှာဖွေရာ ဦးတင်မြင့်ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈ ပြား၊ စိုးထက်အောင်၏ ဘောင်းဘီအိတ်ကပ်မှ WY စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြားတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ဦးတင်မြင့်နှင့် စိုးထက်အောင်တို့ နှစ်ဦးအား ကျိုက္ခမီနယ်မြေရဲစခန်းတွင် မယ(ပ)၃/ ၂၀၂၄၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။