ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် နှစ်ဖက်ပစ်ခတ်မှုများဆက်တိုက်ဖြစ်

0
1215

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၂ရက် မွန်းလွဲပိုင်းက ညောင်ပင်ကွင်းကျေးရွာအုပ်စု ပျို့အိုင်ရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂၃ရက် နံနက် ၇ နာရီခန့်တွင်လည်း နှစ်ဖက် ပစ်ခတ်မှုထပ်မံဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“(နှစ်ဖက်ပစ်ခတ်တာ) တောက်လျှောက်ဖြစ်နေတာ။ တပ်ရင်းနားမှာ ကပ်ပြီး ကျွန်တော်တို့ ပစ်နေတာ။ မနေ့ကလည်း တစ်နေ့လုံး ဖြစ်နေတယ်။ ဒီနေ့လည်း တစ်နေ့လုံးဖြစ်နေတယ်” ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ပြန်ကြားရေး တာဝန်ခံ ကိုဟိန်းက ပြောဆိုသည်။

ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သလို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကိုလည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်မှ ယနေ့ ၂၃ ရက်နေ့အထိ နှစ်ဖက်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဒေသခံအချို့ထံမှ သိရသည်။

ခြေမြန်တပ်ရင်း ခမရ ၅၆၁ တပ်ရင်းမှာ ညောင်ပင်ကွင်းရွာနှင့် ၁ မိုင် နီးပါးအကွာတွင် တည်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ခမရ ၅၆၁ တပ်ရင်းက ညောင်ပင်ကွင်းကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ညောင်ပင်ကွင်း ကျေးရွာက လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ညောင်ပင်ကွင်းရွာတံတားထိပ် အနောက်ကမ်းက အသက် ၄၀ ကျော် ဒေသခံအမျိုးသားတစ်ဦးနှင့် အသက် ၇၀ ကျော် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့သည်။

၁၉ ရက်နေ့တွင် ဖြစ်ပွားသည့် နှစ်ဖက်ပစ်ခတ်မှုတွင် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။

လက်နက်ကြီး လက်နက်ငယ်များဖြင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ညောင်ပင်ကွင်းကျေးရွာက ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသလို ကျေးရွာအုပ်စုထဲက ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ကထံမှ သိရသည်။

“ညီမတို့အိမ်နောက်ဘက်ကိုလည်း လက်နက်ကြီးတစ်လုံးလာကျလို့ အဲဒီနေ့တည်းက စစ်ဘေးရှောင်လာတာ အခုဆို သုံးရက် ရှိပြီ။ မနေ့က ရွာထဲခဏပြန် လိုအပ်တာတွေပြန်ယူတော့ PDF တွေက တိုက်ပွဲထပ်ဖြစ်ဖို့ရှိသေးတယ်။ အမြန်ပြန်ဆိုလို့ အမြန်ပြန်လာခဲ့ရတယ်” ဟု အထက်ပါ လူငယ်အမျိုးသမီးက ပြောသည်။

ခမရ ၅၆၁ တပ်ရင်းမှင့် အမြောက်တပ်ရင်း အမတ ၃၀၆ တပ်ရင်း၊ ညောင်ပင်ကွင်းတံတား၊ ဗောဓိကမ်းတံတား စသည့် နေရာများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၁၅ ရက်မှ ယနေ့ ၂၃ ရက်နေ့အထိ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ပြောသည်။

စစ်ကူလာသည့် စစ်ကောင်စီတပ်မှာ ခမရ ၅၆၁ တပ်ရင်းထဲကို ရောက်ရှိနေပြီဖြစ်ပြီး ကြားဖြတ်တိုက်ခိုက် ခံရမှုကြောင့် သေဆုံးထိခိုက်စာရင်း အတိအကျကိုမူ မသိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ပြောဆိုသည်။