ရခိုင်က မြို့နယ်ခြောက်ခုတွင် တိုက်ပွဲပြင်းထန်နေကြောင်း AA ပြော

0
1168
ပုံစာ - ဇန်နဝါရီလ ၁၄ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ကျောက်တော်မြို့နယ် အမှတ် ၃၇၇ အမြောက်တပ်ရင်းနှင့် ခမရ ၅၃၉ တပ်ရင်း တို့ကို AA က သိမ်းယူခဲ့ပြီး မှတ်တမ်းဓာတ်ပုံများကို AA က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်တွင် အပစ်ရပ်သွားပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာပြီး လက်ရှိတွင် မြို့နယ်ခြောက်ခု၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားသည်။

ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား ဇန်နဝါရီလ ၂၁ရက်က တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်ညတွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မင်းပြားမြို့တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်တော်လှရပ်ကွက်နှင့် ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးကြောင်း ဖော်ပြသည်။

ရှမ်းမြောက်တွင် အပစ်အခတ် ရပ်ဆိုင်းသွားပြီးနောက် ရခိုင်အပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ ပြင်းထန်လာကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တို့က ထုတ်ပြန်ထားသည်။

ရခိုင်တွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများကြားမှ AA က စခန်းသိမ်းတိုက်ပွဲများအပြင် ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များကို လုပ်ဆောင်နေပြီး တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက် ပြင်းထန်လျက်ရှိကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တို့က ဆိုသည်။

ပလက်ဝဒေသ တိုက်ပွဲများတွင် အိန္ဒိယဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား လေးရာကျော်အနက် အများစုမှာ ရခိုင်တွင် တိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်းလည်း မြောက်ပိုင်းညီနောင်မဟာမိတ်တို့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ရခိုင်ဒေသတွင် စစ်ကောင်စီသည် စစ်သင်္ဘောကြီးများဖြင့် လက်နက်ခဲယမ်း၊ လူအင်အားများကို ဆက်လက် ဖြည့်တင်းနေသောကြောင့် တိုက်ပွဲများမှာ နောက်ရက်များတွင် ယခုထက်ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်းလည်း ဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ကျောက်တော်မြို့နယ် အမှတ် ၃၇၇ အမြောက်တပ်ရင်းနှင့် ခမရ ၅၃၉ တပ်ရင်း တို့ကို AA က သိမ်းယူခဲ့ပြီး မှတ်တမ်းဓာတ်ပုံများကို ဇန်နဝါရီလ ၂၁ ရက် ညတွင် ထုတ်ပြန်ထားသည်။

ယင်းအနက် ကျောက်တော် စကခ (၉) နည်းဗျူဟာ (၃) က ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်း ဒဏ်ရာအပြင်းအထန် ရပြီး ဆေးကုသမှုခံယူနေရသည့် ဓာတ်ပုံကိုလည်းဖော်ပြထားသည်ကို တွေ့ရသည်။