မြိတ်မြို့ စက်ပစ္စည်းအရောင်းဆိုင်တစ်ခုတွင် မီးလောင်

0
737
ပုံစာ - ဇန်နဝါရီလ ၂၀ ရက်နေ့ညက ထားဝယ်စုရပ်တွင် မီးလောင်မှုဖြစ်စဥ်။

မြိတ်မြို့ ၊ ထားဝယ်စုရပ်တွင် ဖွင့်လှစ်ထားသည့် နတ်မြင်းပျံ စက်ပစ္စည်း အရောင်းဆိုင်တွင် ယမန်နေ့(ဇန်နဝါရီလ ၂၀ ရက်) ည ၈ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။

စက်ပစ္စည်းအရောင်းဆိုင်နှင့် လူနေအိမ်တွဲ၍ တည်ဆောက်ထားသည့် ၅ ထပ်အဆောက်အဦး မီးလောင်မှုကြောင့် စတုတ္ထမြောက်အထပ်ရှိ အခန်းတစ်ခန်း ပျက်စီးသွားခဲ့ကြောင်း မီးငြှိမ်းသတ်ရာတွင် သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့ထံမှသိရသည်။

မီးလောင်မှုအတွင်း အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းတို့ကဆိုသည်။

“မီးငြှိမ်းသတ်တာကတော့ ဆယ်မိနစ်လောက်နဲ့ မီးထိန်းနိုင်သွားတယ်။ အိမ်ထဲမှာ မီးခိုးတွေ သန့်ရှင်းပြန်လုပ်တာနဲ့ ရှင်းလင်းရေး ပြန်လုပ်တာပါရောဆိုရင်တော့ တစ်နာရီလောက်ကြာသွားတယ်” ဟု ဖြစ်စဥ်အတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြို့ခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိတ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိသဖြင့် မေးမြန်းမရပေ။

ယခင်နှစ် ဒီဇင်ဘာလ ၁၈ နှင့် ၁၉ ရက်များတွင်လည်း လျှပ်စစ်ဝါယာရှော့ဖြစ်မှုကြောင့် ထားဝယ်မြို့နယ်တွင် နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့သေးသည်။