တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
928

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ

ရခိုင်မှာ စစ်ရေးပိုပြင်းထန်လာ၊ ဆက်သွယ်ရေးလိုင်းတွေလည်း ဖြတ်တောက်ခံရ

ရှမ်းမြောက် အပစ်ရပ်သွားပြီးနောက်ပိုင်းမှာ ရခိုင်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ဖုန်း၊ အင်တာနက် ဆက်သွယ်ရေး လိုင်းတွေလည်း ဖြတ်တောက်ခံလိုက်ရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေနဲ့ ပြည်နယ်မြို့တော် စစ်တွေမှာ Mytel တစ်ခုကလွဲပြီး ကျန်တဲ့ ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ပြတ်တောက်သွား တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ တောင်ပိုင်းမြို့နယ်တွေမှာလည်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်မှာ ဖုန်း၊ အင်တာနက် ဆက်သွယ်ရေးပါ ဖြတ်တောက်ခံလာရတာပါ။ သတင်းအမှောင်ချဖို့ ရည်ရွယ်ချက် ရှိရှိလုပ်တာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရခိုင်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပြီး စစ်ကောင်စီတပ်ဘက် ကြည်း၊ ရေ၊ လေ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

ရှမ်းမြောက်က တိုက်ပွဲတွေ ရပ်ဆိုင်းပြီးနောက်မှာ ရခိုင်မှာ စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တိုက်ခိုက် တာတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ်တွေဘက်က ထုတ်ပြန်ထားပါတယ်။

ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က ဗျူဟာကုန်းတွေ စွန့်ခွာသွားတာ၊ AA က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာကြောင့် လက်နက်ချတာရှိနေပါတယ်။

 ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းမှာ နောက်ဆုံးသိရတဲ့ အချက်အလက်အရ စစ်တွေမြို့အနီးက ပေါက်တောမြို့ကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း တိုက်ခိုက်နေတဲ့ကြားက AA က သိမ်းယူလိုက်ပြီလို့ ဒေသတွင်း သတင်းတချို့မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ ၂၀ ရက် ညနေ ၆နာရီအထိ AA ဘက်က အတည်ပြုထားတာ မရှိသေးပါဘူး။

……………………………………

KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးရှောင်ခုနစ်သိန်းခွဲကျော်ရှိလာပြီ

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခကြောင့် KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် ခုနစ်သိန်းခွဲကျော်ရှိလာပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေမှာ အာဏာသိမ်းမှုနောက်ပိုင်းကနေ စစ်ကောင်စီနဲ့ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် အကြိမ်ရေ ၄၆၀၀ ကျော်ရှိခဲ့တယ်လို့ KNU က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ငါးထောင်ကျော်သေဆုံးပြီး သုံးထောင်ကျော် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ KNU ဘက်ကတော့ ၁၅၀ ကျော် သေဆုံးပြီး ခြောက်ရာနီးပါး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား နှစ်ရာနီးပါး သေဆုံးခဲ့ရတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။ ခရိုင် ခုနစ်ခုမှာ စစ်ဘေးရှောင်ဒုက္ခသည် ခုနစ်သိန်းခွဲကျော်ရှိလာပြီး အဲဒီထဲမှာ ခလယ်ထွီထူခရိုင်က စစ်ဘေးရှောင် နှစ်သိန်းခွဲနီးပါးနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

……………………………………

ပလက်ဝကို AA သိမ်းယူ

ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က နှစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၁၄ရက်နေ့မှာ သိမ်းယူလိုက်ပါတယ်။

ပလက်ဝဒေသတစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများ အားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေတဲ့ အဓိက တပ်မ ဌာနချုပ်ဖြစ်တဲ့ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။

အဲဒီနောက် ပလက်ဝဒေသမှာ တစ်ခုတည်းကျန်ရှိတဲ့ နှမဒါဗျူဟာစခန်းကို သိမ်းယူပြီးနောက်မှာတော့ ပလက်ဝဒေသတစ်ခု လုံးမှာ စစ်ကောင်စီတပ် မရှိတော့ဘူးလို့ AA က ဆိုပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ထိစပ်နေသလို ရခိုင်တို့နဲ့ ထိစပ်နေတဲ့ ပလက်ဝဒေသကို ထိန်းချုပ်နယ်မြေတစ်ခုအဖြစ် AA က ရသွားတာပါ။

AA က ပလက်ဝဒေသမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စစ်ဆင်ရေးစတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ဗျူဟာကုန်း တွေ၊ စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ တစ်မြို့နယ်လုံးမှာရှိတဲ့ စခန်းတွေကို သိမ်းယူခဲ့ပြီး နောက်ဆုံးကျမှ မြို့ကို သိမ်းယူခဲ့တာဖြစ်တာလို့ဆိုပါတယ်။ တိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စစ်ဗျူဟာမှူးတစ်ဦးကို AA က ဖမ်းဆီးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ်က မီးဝဗျူဟာကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ သိမ်းယူခဲ့ပါသေးတယ်။

……………………………………

တိုက်လေယာဉ်ကို KIA ပစ်ချ၊ ယခုလအတွင်း ပစ်ချခံရတဲ့ စစ်ဘက်လေယာဉ်နှစ်စင်းရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာအနီးမှာ ဇန်နဝါရီလ ၁၆ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းကို KIA က ပစ်ချလိုက်ပါတယ်။

ဇန်နဝါရီလ ၃ရက်နေ့ကလည်း စစ်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့တာကြောင့် ယခုလအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချတဲ့ စစ်ဖက်လေယာဉ် နှစ်စင်းအထိရှိလာတာပါ။

နမ့်ဖက်ကာရွာမှာရှိတဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း ခမရ ၁၂၃ ကို KIA က ဒီဇင်ဘာလ ၂၉ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၅ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။ အဲဒီလို သိမ်းယူထားတဲ့အတွက် ဗုံးကြဲတိုက်ခိုက်ဖို့လာတဲ့အချိန် ပစ်ချနိုင်ခဲ့ တာလို့ KIA ဘက်က ဆိုပါတယ်။

ပစ်ချခံရတဲ့ တိုက်လေယာဉ်ဟာ အမေရိကန်ဒေါ်လာ ရှစ်သန်းတန်တဲ့ တရုတ်ထုတ် FTC 2000G အမျိုးအစားဖြစ်ပြီး တိုက်လေယာဉ်မှူးနှစ်ဦး စလုံး သေဆုံးတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

……………………………………

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးစွန့်ဖို့ မဘသဘုန်းကြီးတောင်းဆို

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို စွန့်လွှတ်ဖို့ စစ်တပ်ထောက်ခံပွဲမှာ မဘက ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ပေါက်ကိုယ်တော် အရိယာဝံသက တောင်းဆိုလိုက်ပါတယ်။

စစ်တက္ကသိုလ်ရှိတဲ့ မေမြို့ ခေါ် ပြင်ဦးလွင်မြို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပတဲ့ စစ်တပ်ထောက်ခံပွဲ အခမ်းအနား စင်မြင့်ထက်ကနေ အခုလိုပြောဆိုခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ အရပ်ဖက်ဝန်ကြီးချုပ်ရာထူးပဲယူပြီး တပ်ချုပ်နေရာကို စစ်သားပိုပီသတဲ့ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို လွှဲပေးဖို့ သူက ဆိုပါတယ်။

စစ်တပ်ထောက်ခံပွဲ တက်ရောက်လာသူတွေကလည်း ဒီပြောဆိုချက်ကို ဟစ်ကြွေးထောက်ခံခဲ့ကြပါတယ်။

လူထုကတော့ စစ်အာဏာရှင် ပြုတ်ကျရေးကိုပဲ လိုလားနေပြီး ခေါင်းဆောင်ပြောင်းလိုက်ရုံနဲ့ လူထုကို လှည့်စား အယုံသွင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

……………………………………

ပြည်သူ့စစ်လုပ်ဖို့ ဖိအားပေးခံနေရ

ပုံစာ – ပဲခူးတိုင်းတွင် ပြည်သူ့စစ်များကို ၂၀၂၃ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။

ပဲခူး၊ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ ပြည်သူ့စစ်လုပ်ဖို့ ဖိအားပေးခံနေရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပြည်သူလူထုလုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်တွေကို တိုးမြှင့်လုပ်ဆောင်မယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြောဆိုပြီးနောက်မှာ အခုလို ဖိအားပေးတာတွေ ရှိလာတာပါ။

ပဲခူးတိုင်းအနောက်ခြမ်းက လက်ပံတန်း၊ သနပ်ပင်နဲ့ ဖဒိုမြို့အနီးက ကျေးရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့ စစ်ဗျူဟာသင်တန်း ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မဲနှိုက်ရွေးချယ်တာတွေလုပ်ပြီး စစ်ကောင်စီက ဖိအားပေးလူစုဆောင်းနေတယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

RFA မြန်မာပိုင်း သတင်းတစ်ရပ်မှာတော့ ပဲခူးတိုင်းအနောက်ခြမ်း၊ အရှေ့ခြမ်း မြို့နယ်တွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ကနေတစ်ဆင့် ဒေသခံတွေကို ဇန်နဝါရီလ ဒုတိယပတ်ထဲမှာ အစည်းအဝေးခေါ်ပြီး ပြည်သူ့စစ်လုပ်ဖို့ ဖိအားပေးနေတာလို့ ဖော်ပြပါတယ်။ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာလည်း ပြည်သူ့စစ်လုပ်ဖို့ ဖိအားပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူ့စစ်ထဲ ဝင်ဖို့ ဖိအားပေးသူတွေကို အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲရေးရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

……………………………………

စစ်ကောင်စီတပ်သားတွေ အိန္ဒိယသို့ ခြောက်ကြိမ်မြောက်ထွက်ပြေး

AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ အိန္ဒိယသို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးတာ ခြောက်ကြိမ်ရှိလာပါပြီ။

ဇန်နဝါရီလ ၁၇ ရက်နေ့က ပလက်ဝဒေသကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၀ နီးပါး ထွက်ပြေးခဲ့ပါတယ်။ အခုလို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတာဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ သုံးကြိမ်၊ ဒီဇင်ဘာလမှာ တစ်ကြိမ်၊ ယခု ဇန်နဝါရီလမှာ နှစ်ကြိမ် အထိ ရှိလာတာပါ။

ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားဟာလည်း ခြောက်ရာကျော်အထိ ရှိလာတယ်လို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အိန္ဒိယဘက်က မြန်မာစစ်ကောင်စီဘက်သို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိနေပါတယ်။

လက်နက်တွေနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ခံတာ၊ ပြန်လည်လွှဲပြောင်းပေးတာတွေကြောင့် အိန္ဒိယအစိုးရက စစ်ကောင်စီကို အာပေးကူညီနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………