တနင်္သာရီမြို့နယ်တွင် လူနာတင်ယာဥ်တစ်စီးတိမ်းမှောက်

0
1515
ဓာတ်ပုံ - ဗြဟ္မစိုရ်

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ဗြဟ္မစိုရ် သွေးနှင့် ကျန်းမာရေးအထောက်အကူပြုအသင်း၏ လူနာတင်ယာဥ်တစ်စီး ယနေ့ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁၂နာရီခန့်က တိမ်းမှောက်ကြောင်း ယင်းအသင်းထံက သိရသည်။

ညောင်ပင်ကွင်းအုပ်စု၊ အနောက်ဘက်ကမ်းရွာက အသက် ၈၂ နှစ်အရွယ် လူနာအဘိုးတစ်ဦးအား ပျို့အိုင်ရွာ နေအိမ်သို့ ပို့ဆောင်ပေးပြီးနောက်ပြန်လာစဥ် သရက်ပင်စု (ဒေသအခေါ်) အနီးတွင် ဘယ်ဘက် အရှေ့တာယာ ပွင့်ထွက်၍ အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျ တိမ်းမှောက်ခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှင့် ယာဥ်ပေါ် လိုက်ပါသူများ ထိခိုက်မှု မရှိသော်လည်း လူနာတင်ယာဥ်၏ မှန်နှင့်ကိုယ်ထည် အစိတ်အပိုင်းအချို့ ကြေကွဲပျက်စီးခဲ့ကြောင်း ယင်းအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဥ်တိမ်းမှောက်မှု နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်၍ “ကျွန်တော်တို့ဘက်မှာ ဖုန်းလိုင်းတွေ သိပ်မကောင်းလို့ ဖုန်းတွေ အချင်းချင်းဆက်လို့မရသေးဘူး။ သိရရင် ပြန်ပြောပေးပါမယ်” ဟု ယင်းအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဗြဟ္မစိုရ်အသင်းသည် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအုပ်စုရှိ ကျေးရွာများတွင် လူနာသယ်ယူ ပို့ဆောင်ကူညီပေးနေသည့် လူမှုကူညီရေးအဖွဲ့ဖြစ်သည်။