အပစ်ရပ်ထားသည့် ကိုးကန့်ဒေသတွင် တိုက်ပွဲပြန်ဖြစ်

0
3142
Photo - MNDAA ပုံစာ - MNDAA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း) ။

ယာယီအပစ်အခတ် ရပ်ဆိုင်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ သုံးဖွဲ့ပူးတွဲထုတ်ပြန်ထားသည်။

ကိုးကန့်ဒေသတွင် စစ်ရေးလှုပ်ရှားမှု မရှိသော်လည်း ဒေသအတွင်းကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သည် ဇန်နဝါရီလ ၁၆ ရက် ညနေ ၄နာရီကျော်တွင် ကိုးကန့်တပ် MNDAA တပ်စွဲထားသည့် ကချင်တောင်အနီးသို့ ရောက်ရှိလာကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဖော်ပြသည်။

ယင်းနောက် မိနစ် ၂၀ကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန်တွင်လည်း ၆၀ မမ လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ထုတ်ပြန်သည်။

ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မတွေ့ရပေ။

ရှမ်းမြောက်ဒေသတွင်း မိုးမိတ်၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်များသို့လည်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများအား ပြုလုပ်နေဆဲဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်တို့ ဇန်နဝါရီလ ၁၆ ရက်က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရှမ်းမြောက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ဘက် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိသဖြင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိသော်လည်းဇန်နဝါရီလ ၁၃ ရက်နှင့် နောက်ပိုင်းရက်များတွင် စစ်ကောင်စီဘက်က ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် တိုက်ပွဲများရှိနေကြောင်းလည်း ဆိုသည်။

စစ်ကောင်စီတပ်ဘက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

တရုတ်ဝင် ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တို့ကြား ယာယီအပစ်အခတ်ရပ်စဲရန် ဇန်နဝါရီလ ၁၂ရက် သဘောတူညီ လက်မှတ်ထိုးခဲ့ကြသည်။