လောင်းလုံးတွင် မှတ်ပုံတင်စစ်ပြီး ငွေညှစ်လာ

0
1222

လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေကြောင်း ခရီးသည်များထံမှ သိရသည်။

‌၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစပြီး လောင်းလုံးမြို့တောင်ဘက်ကျေးရွာများသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးသည့်အချိန်မှစပြီး မြို့ပေါ်တွင် မှတ်ပုံတင် စစ်ဆေး တင်းကြပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

မှတ်ပုံတင် မပါသူများ၊ မှတ်တင်လဲလှယ်ရမည့် သတ်မှတ်ရက်ကျော်နေသူများထံတွင် တစ်ဦးငွေကျပ် ၃၀,၀၀၀ အထိ တောင်းယူနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့က ဆိုသည်။

“ပိုက်ဆံပေးလိုက်ရင် အားလုံးအဆင်ပြေတယ်။ မပေးမချင်းတော့ ပြန်မလွှတ်တော့ဘူး။ မှတ်ပုံတင်လည်း သိမ်းထားလိုက်တယ်” ဟု ကိုယ်တိုင်အစစ်ခံရသည့် ခရီးသည်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မှတ်ပုံတင် စစ်ဆေးတင်းကြပ်လာသဖြင့် ဒေသခံများမှာ လဝကရုံးသို့သွားပြီး မှတ်ပုံတင် အလုအယက် လုပ်လာကြကြောင်း ဒေသခံတို့က ဆိုသည်။

မှတ်ပုံတင်လဲလှယ်သူ၊ အသစ်ရိုက်သူများ လွန်စွာများပြားနေသဖြင့် အချို့ကို ပြန်လွှတ်နေရသည်ဟု‌ ဆိုသည်။

“လဲလှယ်တွေဆိုရင် နောက်မှလာဆိုပြီး ပြန်လွှတ်တာတွေရှိတယ်။ အသစ်ရိုက်မယ့်သူတွေကိုပဲ ဦးစားပေးပြီး လုပ်ပေးနေတာ” ဟု ကိုယ်တိုင်မှတ်ပုံတင်သွားလုပ်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မှတ်ပုံတင်ကြေးမှာ ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိပေါက်နေသည်ဟုလည်းဆိုသည်။

ပွဲစားဖြင့် လုပ်သူတို့မှာ ပွဲစားခ ၁၅၀၀၀ ကျပ်အပါအဝင် သွေးစစ်ခ၊ ဖောင်ဖြည့်ခ၊ စာရွက်စာတမ်းကြေး စုစုပေါင်း ကျပ်ငါးသောင်းနီးပါးကုန်ကျကြောင်း ဆိုသည်။

လောင်းလုံးမြို့ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့သည် ခရီးသွားပြည်သူများထံမှ ပုံစံအမျိုးမျိူးဖြင့် ငွေညှစ်တောင်းယူ‌ သည်ဟု နာမည်းဆိုးထွက်နေသည်မှာ တစ်နှစ်နီးပါးရှိနေပြီဖြစ်သည်။

၂၀၂၃ ခုနစ် မေလ ၂၃ ရက်က လောင်းလုံးမြို့ လဝကရုံးကို ထားဝယ်မြိုပြ ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ အရာရှိတစ်ဦးသေဆုံးခဲ့သည်။

နောက်ပိုင်းတွင် လဝကရုံးကို ယာယီပိတ်လိုက်ပြီးနောက် ပြန်ဖွင့်နေခြင်းဖြစ်သည်။