စမွတ်စခွန်တွင် တရားဝင်လာသည့် မြန်မာလုပ်သား ၁၈ဦး နှစ်လနီးပါးအထိ အလုပ်မရသေး

0
1123

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ကထူးဘင်ဒေသတွင် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၈ဦးသည် ရောက်ရှိပြီး နှစ်လနီးပါးကြာသည်အထိ အလုပ်မရသေးကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေး နေသော WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ၁၈ ဦးကို မြန်မာအေဂျင်စီ ROYEL GOLDEN GATE INT’L SERVICES က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် လုပ်ကိုင်ရန် ၂နှစ်စာချုပ်ချုပ်၍ ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က စေလွှတ်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

၎င်းတို့သည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဘန်ကောက်မြို့ ဘန်ကပီဒေသို့ ထပ်မံပို့ဆောင်ခံရကြောင်း အလုပ်သမားများထံမှ သိရသည်။

ယင်းနောက် မဟာချိုင် ကထူးဘင်ဒေသသို့ ထပ်မံပို့ဆောင်ခြင်းခံရပြီး ထိုင်းရောက်ပြီး နှစ်လနီးပါးကြာသည်အထိ လုပ်ငန်း ခွင်ထဲ မရောက်သေးဘဲ အလုပ်လုပ်ကိုင်ရခြင်း မရှိသေးသဖြင့် အခက်အခဲများစွာဖြစ်နေကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။

“တစ်နေရာနဲ့ တစ်နေရာပြောင်းလိုက် မပြေလိုက်ဖြစ်နေတာပဲ။ အခုထိ အလုပ်က မရသေးဘူး။ အိမ်ကို ပြန်ထောက်ပံ့ ပေး ရမယ့်အချိန်မှာ အိမ်က ပြန်တောင်းနေရတာ ကြာတော့ အဆင်မပြေတော့ဘူးဗျာ။ ဟိုက ယူလာတဲ့ အကြွေးတွေလည်း ရှိနေသေးတယ်လေ” ဟု ၎င်းက ပြောသည်။

အေဂျင်စီကို အလုပ်သမားများ ဆက်သွယ်သောအခါ အလုပ်သမားတစ်ဦးလျှင် ဘတ် ၃၀၀ နှုန်းဖြင့် ဘတ် ၅၁၀၀ ကို လာပေး၊ ကြက်ဥနှင့် အစားအသောက်များသာ လာပေးခဲ့ပြီး သေချာဖြေရှင်းပေးမှုမရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများသည် အလုပ်မဆင်းရသည့် ရက်များတွင် လုပ်အားခ ၇၅ ရာခိုင်နှုန်း ရရှိရန်နှင့် လုပ်ငန်းခွင် အမြန်ဆုံးဝင်ရောက်နိုင်ရေး ကူညီဖြေရှင်းပေးရန် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံသို့ အကြောင်းကြား ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

အေဂျင်စီက အလုပ်သမားများထံတွင် အလုပ်ထွက်စာအတွက် ငွေကြေးတောင်းခံနေသဖြင့် ငွေမပေးရရေးနှင့် အလုပ် အဆင်ပြေရန်အတွက် တာဝန်ယူပေးရန် ညှိနှိုင်းပေးခဲ့ကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“အေဂျင်စီဘက် အလုပ်အမြန်ဆုံးအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ရယ် ဘိုင်ကျန့်အော် (အလုပ်ထွက်စာ) ကိုလည်း တာဝန်ယူပေးမယ်လို့ ပြန်ပြောထားတာမျိုးရှိတယ်” ဟု ၎င်းကဆိုသည်။

အေဂျင်စီဘက်က အလုပ်အကိုင်အဆင်ပြေရန် မဖြေရှင်းပေးနိုင်ပါက နောက်ဆုံး အလုပ်ထွက်စာ တောင်း၍ အခြား အလုပ်သစ်များရှာဖွေနိုင်ရေး အလုပ်သမားများက တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။

အထက်ပါကိစ္စများနှင့်ပတ်သက်၍ ROYEL GOLDEN GATE INT’L SERVICES မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းရာ ဖြေကြားပိုင်ခွင့်ရှိကြောင်း ဖုန်းလက်ခံ ဖြေကြားသူက ပြောဆိုသည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် လာရောက်လုပ်ကိုင်မည့်သူများသည် ဆောက်လုပ်ရေးလုပ်ငန်းဖြင့် လာရောက် မည်ဆိုပါက အထူး လေ့လာစုံစမ်းစေလိုကြောင်း WAG အဖွဲ့က သတိပေးထားသည်။