ဗဟိုကော်မတီဝင်‌တိုးချဲ့ဖွဲ့စည်းရန် မွန်ပြည်သစ်ပါတီညီလာခံ ဆုံးဖြတ်

0
754

မွန်ပြည်သစ်ပါတီ လုပ်ငန်စဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဗဟိုကော်မတီဝင် တိုးချဲ့ဖွဲ့စည်းသွားရန် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ်လိုက်ကြောင်း ယင်းပါတီကထုတ်ပြန်သည်။

တိုးချဲ့ဗဟိုကော်မတီတွင် လူငယ်၊ အမျိုးသမီး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ပညာရှင်တို့ပါဝင်ခွင့်ပြုထားပြီး အရေအတွက်အားဖြင့် ၇ ဦး ပါဝင်ခွင့် ပြုထားကြောင်း ပါတီညီလာခံ လမ်းညွန်ချက်တွင် ဖော်ပြထားသည်။

တိုးချဲ့ဗဟိုကော်မတီဝင် အချက်အလက်များနှင့် ပတ်သက်ပြီး လူငယ်ဖြစ်ပါက အသက် ၂၅ မှ ၃၅ ကြားဖြစ်ရမည်ဖြစ်ကြောင်း၊ ပါတီလမ်းစဉ်ကို လက်ခံသူ၊ ပါတီက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများ လိုက်နာပြီး၊ ပါတီက ချမှတ်ပေးသည့် လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သူဖြစ်ရမည်ဖြစ်ကြောင်း ပါတီလမ်းညွှန်ချက်တွင် ပါရှိသည်။

ယင်းအပြင် တိုးချဲ့ဗဟိုကော်မတီဝင်များသည် ဘွဲ့တံဆိပ်တစ်ခုခုရရှိထားရန်၊ လူမှုအဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးရမည်ဖြစ်ကြောင်း၊ အနည်းဆုံး ပါတီညီလာခံတစ်ကြိမ်တွင်အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ကစပြီး ပါတီဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားဒေသတွင် ကျင်းပလျက်ရှိပြီးညီလာခံကို တစ်လကျင်းပသွားရန် ရှိသည်။

ညီလာခံကျင်းပသည့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပါတီဗဟိုကော်မတီက တင်ပြလာသည့် အမျိုးသားရေး၊ နိုင်ငံရေးအပါအဝင် ပါတီရေးရာအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ် လမ်းညွှန်ချက်ကို အတည်ပြုနိုင်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း ဗဟိုကော်မတီ၊ ခရိုင်ကော်မတီနှင့် မြို့နယ်ကော်မတီ တာဝန်ရှိသူ အဆင့်ဆင့်ကို ရွေးချယ်သွားမည်ဟု ပါတီက ထုတ်ပြန်ထားသည်။

၁၁ ကြိမ်မြောက် ပါတီညီလာခံမှ ပါတီထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ရွေးချယ်ခြင်း၊ ပါတီမူဝါဒ အပြောင်းအလဲနှင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများအပါအဝင် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သွားခြင်းတို့ လုပ်ဆောင်ရန် ရှိကြောင်းသိရသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပါတီညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပလာခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်းကိုလည်း ၄ နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံတွင်သာ ပြန်လည်ရွေးချယ်လေ့ရှိသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပြီးနောက် ဒုတိယအကြိမ်အနေနှင့် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့ကာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးထားခဲ့သည်။