မွန်တွင် အကျဉ်းသားခြောက်ရာကျော်လွတ်၊ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးသာပါ

0
838

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ ၆၇၀ဦးတွင် နိုင်ငံရေး အကျဉ်းသား ၃၁ ဦးသာပါဝင်ကြောင်း အကျဉ်းထောၚ်နှင့် နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူ တို့ထံမှ သိရသည်။

စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၆၇၀ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ကျိုက်မရောအကျဉ်းထောင်က ၁၀၃ဦး၊ မော်လမြိုင်အချုပ်ထောင်က ၃၅၀ဦး၊ သထုံအကျဉ်းထောင်က ၉၃ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းက ၃၅ဦး၊ အင်္ဂဘိုနှင့် တောင်စွန်း အလုပ်စခန်းများက ၄၁ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းက ၁၇ဦး၊ ရင်းငြိမ်အလုပ်စခန်းက ၂၀ဦး၊ အင်းဗြောင်အလုပ်စခန်းက ၁၁ဦးတို့ပါဝင်ကြောင်း အကျဉ်းထောင်များ၏စာရင်းအရ သိရသည်။

မွန်ပြည်နယ်အတွင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူများအနက် ကျိုက်မရောဗဟိုအကျဉ်းထောင်က အကျဉ်းသား ၁၁ ဦး၊ အကျဉ်းသူ ၁၂ ဦးနှင့် သထုံအကျဉ်းထောင်က အကျဉ်းသား ၈ ဦးတို့ လွှတ်မြောက်ကြောင်း အကျဉ်ထောင်၏ စာရင်းများအရ သိရသည်။

“ပြန်လွတ်တဲ့ထဲမှာ ကျိုက်မရောထောင်က ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၂၃ဦး၊ သထုံထောင်က ၈ ဦး အားလုံး ၃၁ ဦးပဲ ပါလာတယ်” ဟု နိုင်ငံရေးအကျဉ်းသားများအရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ပြန်လွတ်လာသူများသည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောၚ်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်အမှတ်အဖြစ် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျ နေသော အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြန်လွှတ်ပေးသည့် အကျဉ်းသားများထဲတွင် နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်းသား ၁၁၄ ဦး ပါဝင်ပြီး ၎င်းတို့ကို ပြည်နှင်ဒဏ်ပေးလိုက်သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ နိုင်ငံတဝန်းတွင် ဖမ်းဆီးခံရသူ ၂၅၇၄၉ ဦးရှိပြီး ယင်းအနက် ၁၉၉၂၉ ဦး ထိန်းသိမ်းခံနေရဆဲ ဖြစ်ကာ ၈၄၆၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း သိရသည်။