မြိတ်တွင် မီးသင်္ဂြိုဟ်စရိတ်စျေးတက်

0
1128
ပုံစာ - ကလွင်ဘာသာပေါင်းစုံသုသာန်

မြိတ်မြို့တွင် မီးသင်္ဂြိုဟ်စရိတ်ကို ဇန်နဝါရီလ ၁ ရက်ကစပြီး ကျပ်ငါးထောင် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မြိတ်မြို့ မီးသင်္ဂြိုဟ်နာရေးအသင်းထံက သိရသည်။

ယခင်က ၂ဝဝဝဝ ကျပ်ကောက်ခံနေရာမှ ၂၅၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

“ မီးသင်္ဂြိုဟ်စရိတ်မြှင့်တာက ထင်းတွေကလည်း လိုက်တိုက် (လိုက်သယ်) တဲ့အခါ စရိတ်က တအားကြီးတယ်။ဝန်ထမ်းစရိတ်တွေလည်းရှိတယ်။ စျေးမတင်ပေးရင်လည်း လုပ်နေတဲ့ဝန်ထမ်းက စားဖို့မလောက်တော့ဘူး။ အဲဒါကြောင့် အားလုံးတိုင်ပင်ပြီး ၅၀၀၀ တိုးကောက်တာပါ” ဟု အသင်း တာဝန်ရှိသူက ပြောသည်။

မီးသင်္ဂြိုဟ်စရိတ်အလှူငွေကို မီးသဂြိုဟ်ရန်အတွက် ထင်းဖိုးနှင့် ဝန်ထမ်းစရိတ်အတွက် အဓိကသုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့၊ ကလွင်ရပ် ဘာသာပေါင်းစုံ သုသာန်တွင် ဆရာတော်များအတွက် မီးသင်္ဂြိုဟ် စက်တစ်လုံး၊ သီလရှင်များအတွက် မီးသင်္ဂြိုဟ်စက်တစ်လုံး ၊ ဘာသာပေါင်းစုံအတွက် မီးသင်္ဂြိုဟ်စက်နှစ်လုံး စုစုပေါင်း လေးလုံးရှိကြောင်းအထက်ပါအသင်းထံမှ သိရသည်။

ဆရာတော်များအတွက် ဂတ်စ်သုံး မီးသင်္ဂြိုဟ်စက်တွင် တစ်ကြိမ်သင်္ဂြိုဟ်လျှင် ကျပ်တစ်သိန်းကျော် ကျသင့်ပြီး ကုန်ကျစရိတ် သီးခြားပေးဆောင်ရကြောင်း တာဝန်ရှိသူက ပြောဆိုသည်။

သီလရှင်အတွက် ဒီဇယ်သုံး မီးသင်္ဂြိုဟ်စက်အတွက် မီးသင်္ဂြိုဟ်စရိတ်ကိုမူ သီလရှင်အဖွဲ့က လှူဒါန်းပေးထားကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့ ၊ မီးသင်္ဂြိုဟ်နာရေးအသင်းသည် မြိတ်မြို့က ရပ်မိရပ်ဖများနှင့် မြို့သူမြို့သားများ ဖွဲ့စည်းထားသည့် နာရေးကူညီမှုအသင်းဖြစ်သည်။