ထိုင်းတွင် ဘတ်တစ်သိန်းကျော်တန်ဖိုးရှိ ရွှေကြိုးကို ခိုးယူသည်ဟုဆိုကာ မြန်မာလုပ်သားဖမ်းဆီးခံရ

0
954

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် ရွှေဆိုင်တစ်ဆိုင်မှ ဘတ်တစ်သိန်းကျော်တန်ဖိုးရှိ ရွှေဆွဲကြိုးကို အလစ်ခိုးယူသွားသည်ဟုဆိုကာ မြန်မာအလုပ်သမားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူသည် အသက် ၃၂ နှစ်အရွယ် ကိုစောဝင်းဌေးဆိုသူဖြစ်ပြီး ပထုံဌာနီခရိုင် ခလောလွမ်ဒေသရှိ ၎င်းနေထိုင်ရာအခန်း၌ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ရန်စစ်ဆိုင်ခွဲရှိ နာမည်ကြီးရွှေဆိုင် “Seng Heng” တွင် အလေးချိန် ၃ ဘတ် (၄၅ဒသမ၅ ဂရမ်) ရှိသော ရွှေဆွဲကြိုးတစ်ကုံးကို အမည်မသိဝယ်သူတစ်ဦးက ဝယ်သူဟန်ဆောင်၍ အလစ်သုတ် ခိုးယူသွားကြောင်း ဖော်ပြထားသည်။

ယင်းနောက် ရဲတပ်ဖွဲ့က ဆိုင်အတွင်းရှိ CCTV မှတ်တမ်းများကို စစ်ဆေး၍ ခိုးယူသွားသောသူ၏ ထွက်ပြေးခဲ့သော လမ်းကြောင်းကို ခြေရာခံ လိုက်လံစစ်ဆေးခဲ့ကြောင်း ဆိုသည်။

ခိုးယူသူသည် ရန်စစ်-နခွန်နယွန် အဝေးပြေးလမ်းမပေါ်ရှိ ပေါင်းလိုဆေးရုံရှေ့တွင် တက္ကစီ ငှား၍ ထွက်ပြေး သွားခဲ့ပြီး နောက်ဆုံးတွင် သူနေထိုင်ရာ ခလောလွမ်ဒေသရှိ အခန်းသို့ ထွက်ပြေးကာ ရွှေကို ရောင်းချခဲ့သည်ဟု ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ကြောင်း‌ သတင်းများတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားကလည်း ဖမ်းဆီးခံရပြီးနောက် ရွှေခိုးယူခဲ့သည်ကို ဝန်ခံခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံရှိ ဖခင်ဖြစ်သူ ဆေးရုံတက်ရောက်ကုသနေရသဖြင့် ဆေးကုသစရိတ် ပေးချေနိုင်ရန် ရွှေခိုးယူခဲ့သည်ဟုဆို ထွက်ဆိုခဲ့ကြောင်းလည်း ဆက်လက်ဖော်ပြသည်။

ရဲတပ်ဖွဲ့က အခန်းတွင်း ထပ်မံစစ်ဆေးခဲ့ရာ ခိုးယူခဲ့သောနေ့တွင် ဝတ်ဆင်ခဲ့သော အဝတ်အစားများကို တွေ့ရှိရ သဖြင့် သိမ်းဆည်းခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူရန် ပတူနမ်ချူလာလောင်ကွန်း ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ရွှေဆိုင်ခွဲမန်နေဂျာဖြစ်သူကလည်း ရဲစခန်းသို့ လာ၍ ခိုးယူသွားသူကို အတည်ပြု‌ပေးခဲ့ပြီး ခိုးယူခံရသော ရွှေကြိုးတန်ဖိုးသည် ဘတ် ၁ သိန်းကျော် တန်ဖိုးရှိကြောင်း ပြောဆိုချက်ကို သတင်းများတွင် ဖော်ပြသည်။

Ref: Thairath, Khaosod Online, Amarin TV