ထားဝယ် ပျားသားချောင်းရွာက အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

0
1317

ထားဝယ်အရှေ့တောဒေသ ပျားသားချောင်းကျေးရွာက အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ဆုံးရှုံးကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါအမျိုးသမီးမှာ ဒီဇင်ဘာလ ၁၈ ရက်က ၎င်း၏အမျိုးသားနှင့်အတူ တောင်ယာစပါးသွားရိတ်ပြီး ပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ပျားသားချောင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“သူ့ယောက်ျားကတော့ မထိဘူး။ မိန်းမပဲထိတာ။ ထိတာက‌ခြေကျင်းဝတ်မှာဖြစ်တာ။ သူ့ယောကျ်ားက ကျောပိုးပြီး ပြန်ခေါ်လာတယ်။ ထားဝယ်ဆေးရုံကြီးမှာပေါ့နော်၊ ခြေကျင်းဝတ်ကနေ ဖြတ်လိုက်ရတယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။

မိုင်းထိသည့်နေရာသည် ကျေးရွာနှင့် ၁ မိုင်ခန့်သာဝေးပြီး တောင်ယာထဲသွားသည့် လူသွားလမ်းတွင် ဖြစ်ပွားခဲ့ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုတောင်မှ ပြောနေကြတယ်။ ပလောပီနံဥလေး စားချင်တာတောင်မှ တောင်ယာထဲ မသွားရဲဘူးလို့၊ ခြေထောက်တစ်ဖက် ပေးလိုက်ရမှာ စိုးလို့ဆိုပြီး ထိုင်ပြီးပြောနေကြတယ်။ အားလုံးကတော့ ကြောက်နေကြတယ်ပေါ့နော်” ဟု အထက်ပါအမျိုးသမီးက ဆက်လက်ပြောဆိုသည်။

အောက်တိုဘာနောက်ဆုံးအပတ်တွင် ဖောင်းတောရွာသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာရခဲ့ပြီး တစ်ဦး ခြေတဖက် ပြတ်တောက်ခဲ့သေးသည်။ 

ဒေသခံရွာသားများ သွားလာလုပ်ကိုင်စားသောက်နေသည့် ရွာအနီးဝန်းကျင်တွင် မိုင်းထောင်ထားသော်လည်း မည်သည့် အဖွဲ့ကမျှ မည်သည့်နေရာတွင် မိုင်းထောင်ထားသည်ကို တိတိကျကျ ပြောဆိုသတိပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

မြေမြုပ်မိုင်းနင်းမိသည့် နေရာသည် KNU တပ်မဟာ (၄) နှင့် KTLA တပ်များ အဓိလှုပ်ရှားသွားလာသည့်နေရာဖြစ်ပြီး KNU တပ်မဟာ (၄) ၏ စိုးမိုးနယ်မြေတစ်ခုလည်းဖြစ်သည်။

ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းကမူ KTLA က မြေမြှုပ်မိုင်း ထောင်ထားခြင်း မရှိဟု ငြင်းဆိုပြီး KNU တပ်မဟာ (၄) က ထောင်ထားခြင်းသာ ဖြစ်သည်ဟု စွပ်စွဲထားသည်။ 

“တပ်မဟာ (၄) က ထောင်လို့ ကျွန်တော်တို့ ရဲဘော်တွေရော ရွာသားတွေပါထိတာပဲ ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။  

အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ KNU တပ်မဟာ ၄ က မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာကို Dawei Watch က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။