ကစယ်ဒိုမြို့နယ်အုပ်ချုပ်ရေး ကော်မတီဝင်၏နေအိမ်ကို ကော်သူးလေတပ်က မီးရှို့ဟုဆို

0
738

ထားဝယ်မြို့နယ်၊ ဖောင်းတောကျေးရွာမှ ကစယ်ဒိုမြို့နယ်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် တစ်ဦး၏ နေအိမ်ကို ကော်သူးလေတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

၎င်းမှာ ဖောင်းတောကျေးရွာ၏ ရပ်မိရပ်ဖဖြစ်ပြီး ရွာမှရှောင်တိမ်းနေထိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ KNU တပ်မဟာ ၄ နှင့် ပတ်သက်မှုကြောင့် နေအိမ်ကို မီးရှို့တာဖြစ်နိုင်ကြောင်း အိမ်မီးရှို့ခံရသော ကစယ်ဒိုမြို့နယ် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် အမျိုးသားကဆိုသည်။

“KTLA က လာရှို့သွားတာ၊ ဘာကြောင့်ရှို့လဲဆိုတာတော့မသိဘူး၊ ၈ ယောက် လာရှို့သွားတယ်လို့ ပြောတယ်” ဟု ၎င်းကရှင်းပြသည်။

ယင်းအိမ်နှင့် ဘေးချင်းကပ်လျက်က အကိုဖြစ်သူ၏ နေအိမ်လည်း မီးလောင်ခဲ့သဖြင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဖောင်းတောရွာက အမျိုးသားတစ်ဦးက ပြောသည်။

သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကော်သူးလေဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

အောက်တိုဘာလကလည်း KNU တပ်မဟာ ၄ က လမ်းပြခေါ်ဆောင်ခံရသည့် ဖောင်းတောရွာမှ ဒေသခံပြည်သူတစ်ဦး၏ နေအိမ်ကိုလည်း ကော်သူးလေတပ်မတော် တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု အထက်ပါ ဒေသခံနှစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းကလည်း ကစယ်ဒိုမြို့နယ် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်နှစ်ဦး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ KNU ရဲဘော်နှစ်ဦးနှင့် လှေသမားတစ်ဦးတို့ လိုက်ပါလာသည့် စက်လှေကို အရှေ့တောဒေသ ဖောင်းတောကျေးရွာ ချောင်းထဲတွင် KTLA က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖောင်းတောကျေးရွာမှ ဒေသခံအချို့က ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် KNU တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်း ၁၂ မှ အသက် ၂၆ နှစ်ခန့်ရှိ ရဲဘော်တစ်ဦးကျဆုံးပြီး စက်လှေသမား ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့က ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ယောက်နဲ့ တစ်ယောက် ပါဝါလိုမှု နေရာလုမှုတွေရှိမှာပေါ့နော်၊ ကော်လဖိုးတို့အဖွဲ့ကလည်း ဒီနေရာကို ပိုင်ချင်တယ်အဲ့လိုသဘောရှိမှာပေါ့၊ ညှိနှိုင်းခိုင်းလည်း အဆင်မပြေဘူး” ဟုဖောင်းတောဒေသခံ အမျိုးသားက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ KTLA ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက မြေပြင်အဖွဲ့ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်ဟု ပြန်လည်ဖြေဆိုထားသည်။

၂၀၂၂ ခုနှစ်မှစပြီး အရှေ့တောဒေသတွင် KNU တပ်မဟာ ၄ လက်အောက်ခံ KNLA နှင့် ဗိုလ်အယ်ကွီးဦးဆောင်သည့် ကော်သူးလေတပ်မတော်-KTLA တပ်တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု၊ ဖမ်းဆီးမှု၊ နေအိမ်မီးရှို့မှု၊ စခန်းသိမ်းမှုများဖြစ်နေသည်။

ယင်းသို့ ကရင်လက်နက်ကိုင် နှစ်ဖွဲ့အကြား ဖြစ်ပေါ်နေသည့် တင်းမာမှုများကို အဖြေရှာညှိနှိုင်းကြရန် ဒေသနေပြည်သူများ၊ တော်လှန်ရေး အင်အားစုများနှင့် ကရင်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။