သံဖြူဇရပ် မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ

0
636

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကိုကို အား စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြို့ခံအချို့ထံမှ သိရသည်။

သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်တွင် နေထိုင်သည့် ဒုဦးစီးမှူး ဦးအောင်ကိုကိုသည် ဌာနတွင်းသတင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ပေးပို့နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် ဖမ်းဆီးခံခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

၎င်းကို သံဖြူဇရပ်တပ်နယ် ဝဲကလိစစ်ကြောရေးစခန်းတွင် ဖမ်းဆီးစစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းတွင် ထောင်ဒဏ် တစ်သက်အထိချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က)တို့ဖြင့် အမှုဖွင့်ထားကြောင်း မြို့ခံအချို့ ဆိုသည်။

ဦးအောင်ကိုကို ဖမ်းဆီးခံရသည့်အကြောင်းအရင်းကို Dawei Watch က သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

“သံဖြူဇရပ်မှာ လက်နက်နဲ့ မြို့ခံတစ်ဦး ဖမ်းခံရပြီးနောက်မှာ မြို့ခံအတော်များများကို လိုက်ဖမ်းနေတယ်။ အခုထိလည်း ညညဆို လိုက်ဖမ်းနေတယ်။ ပြောနေတာကတော့ PDF ကို ထောက်ပံ့နေတဲ့လူတွေပေါ့” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့ခံ ဦးမြသန်းကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိ ပြီးနောက် သံဖြူဇရပ်မြို့ခံများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေကြာင်း မြို့ခံတို့ထံမှ သိရသည်။

“ဖမ်းခံရတာ မနည်းတော့ဘူး။ တချို့ အမျိုးသားကိုဖမ်းတာ မမိတော့ သူ့အမျိုးသမီးကို ဖမ်းသွားတာလည်း ရှိတယ်။ အများစုက သူဌေးတွေပေါ့။ အချို့ ပြန်လွတ်လာတာလည်း ရှိတယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများအနက် လက်နက်ခဲယမ်းနှင့်အတူ ဖမ်းခံရသည်ဆိုသည့် ဦးမြသန်းနှင့် ဦးမင်းမင်းဆိုသည့် မြို့ခံနှစ်ဦးက စစ်ဆေးနေသည့် ဝဲကလိစစ်ကြောရေးတွင်သေဆုံးသွားပြီဟု သတင်းထွက်နေကြောင်းလည်း မြို့ခံတို့က ပြောသည်။

စစ်ကောင်စီတပ်တို့က PDF ကို ထောက်ပံ့သည်ဆိုသည့်အကြောင်းပြချက်ဖြင့် မြို့ခံများကို လိုက်လံ ဖမ်းဆီး နေသည့်အပြင် ဟေမဝန်ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင်၏ နေအိမ်ပိုင်ဆိုင်မှုအပါအဝင် မြို့ခံနေအိမ် ၅ လုံးထက်မနည်းကို ချိပ်ပိတ်ထားသည်ဟု မြို့ခံတို့ထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၈၀၀ ကျော် ရှိသည်။