မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူ ၂ ဒသမ ၆ သန်းကျော်အထိရောက်ရှိ

0
506
ဓါတ်ပုံ - ပုလောစစ်ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင် အရေအတွက်မှာ ၂ ဒသမ ၆ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၅ ရက်နေ့ကထုတ်ပြန်လိုက်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲအရှိန် မြင့်လာမှုနှင့်အတူ နိုင်ငံတဝန်း စစ်ရေး အခြေအနေ ပိုမိုပြင်းထန်လာသဖြင့် လူပေါင်း ၆၆၀၀၀၀ ကျော် ပိုမိုနေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်အုပ်စုများက အောက်တိုဘာလ ၂၇ ရက်နေ့ မှစ၍ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် တိုက်ပွဲအခြေအနေ ပိုမိုပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၁၂၀၀၀၀ အထိ ရှိခဲ့ပြီး ၎င်းတို့အနက် ၉၉၀၀၀ ခန့် နေရပ်စွန့်ခွာနေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ပြီးခဲ့သော နိုဝင်ဘာလတွင် စစ်ဘေးရှောင်အရေအတွက် ၄၉၀၀၀ ကျော်ရှိကြောင်း FE5 Tanintharyi အဖွဲ့က ထုတ်ပြန်သော နိုဝင်ဘာလအစီရင်ခံစာတွင် ဖော်ပြထားသည်။

FE5 Tanintharyi သည် တနင်္သာရီတိုင်းအတွင်း လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနှင့် စစ်ဘေးရှောင်အခြေအနေများကို သုတေသနလုပ်ပြီး လစဉ်အစီရင်ခံစာ ထုတ်ပြန်နေသော လွပ်လပ်သည့် သုတေသနအဖွဲ့တစ်ခုဖြစ်သည်။

ထားဝယ်ခရိုင်တစ်ခုလုံးတွင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် တိုက်ပွဲဖြစ်ပွားမှု၊ လူသားဒိုင်းလုပ် ဖမ်းဆီးခေါ်ဆောင်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၂၄၀၀၀ ကျော်ရှိပြီး၊ မြိတ်ခရိုင်ဖြစ်သော ပုလော၊ မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်များတွင်လည်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးရသူများအပါအဝင် နေရပ်စွန့်ခွာခဲ့ရသူ ၂၄၀၀၀ ကျော်အထိရှိသည်။

ထားဝယ်အရှေ့တော၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် စစ်ကောင်စီဘက်က ဆန်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များ ကန့်သတ်ထားသဖြင့် စစ်ဘေးရှောင်များ အကူအညီ ပိုမိုလိုအပ်နေခဲ့ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ၏ စစ်ဘေးရှောင် ဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး ပိုမိုလုပ်ဆောင်ရန် လိုအပ်နေကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်တွင် ပါရှိသည်။ 

၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းက စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ခြင်းအစီအစဉ် (HRP) ရန်ပုံငွေလိုအပ်ချက်၏ ၂၉ ရာခိုင်နှုန်းသာ ကုလသမဂ္ဂက၏ အကူအညီရရှိခဲ့ကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်ပြည်သူများ အတွက် အရေးပေါ်ရန်ပုံငွေ ထည့်ဝင်ပေးကြရန် ကုလက တိုက်တွန်းထားပြီး လတ်တလော ထိခိုက်မှုများနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးရန် အမေရိကန် ဒေါ်လာ ၇ သန်း ကျော်အရေးပေါ်လိုအပ်နေကြောင်း ကုလအစီရင်ခံစာတွင် ဖော်ပြထားသည်။