တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1103

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ

ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာပါတယ်။

ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှု ၃၆ရာခိုင်နှုန်းတိုးလာပြီး တစ်နှစ်အတွင်း တန်ပေါင်းတစ်ထောင်ကျော် ထုတ်လုပ်ခဲ့ တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သုံးနှစ်ဆက်တိုက် တိုးလာပြီး ဒီနှစ်မှာ အများဆုံးဖြစ်လာ ပါတယ်။ အာဖဂန်နစ္စတန်မှာ မူးယစ်ဆေးဝါး တားမြစ်ပိတ်ပင်မှုတွေကြောင့် ဘိန်းစိုက်ပျိုးမှု လျော့ကျလာချိန် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံကတော့ ဘိန်းစိုက်ပျိုးမှု တိုးလာပါတယ်။ ဒါကြောင့် မြန်မာဟာ ကမ္ဘာမှာ ဘိန်းထုတ်လုပ်ဖြန့်ဖြူးရာမှာ အဓိက ဖြစ်လာတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးကျပ်တည်းသွားတာ၊ မလုံခြုံတာ၊ အုပ်ချုပ်ရေးယန္တရား ပျက်ပြားတာတွေကြောင့် ဝေးလံခေါင်သီတဲ့ဒေသတွေက တောင်သူတွေဟာ အသက်မွေးဝမ်းကျောင်းအတွက် ဘိန်းစိုက်ပျိုးလာကြတယ်လို့ UNODC ရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် Mr. Jeremy Douglas က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကတည်းက ဘိန်းထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ ရှမ်းမြောက်မှာ ပိုများလာသလို ကချင်၊ ချင်းနဲ့ ကယား မှာလည်း တိုးလာတယ်လို့ ဆိုပါတယ်။ အခုနှစ်မှာ မြန်မာကနေ ဘိန်းဖြူ အမေရိကန်ဒေါ်လာ သန်းရှစ်ရာကျော်ကနေ ၂ဒသမ၂ ဘီလီယံအထိ ကုန်ကူးခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

……………………………………

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှု မြောက်ပိုင်းမဟာမိတ်ဘယ်လိုတုံ့ပြန်လဲ

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုသတင်းတွေအပေါ် ပြည်သူတွေစိတ်မပူကြဖို့ မြောက်ပိုင်းသုံးဖွဲ့က တုံ့ပြန်ထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) ၊ ရခိုင်တပ် (AA) တာဝန်ရှိ သူတွေနဲ့ စစ်ကောင်စီတို့ဟာ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ဖော်ပြာဆိုလာတာပါ။

ဆွေးနွေးမှု တိုးတက်မှုအပေါ်မူတည်ပြီး ဒီဇင်ဘာလကုန်မှာလည်း ထပ်မံဆွေးနွေးဖို့ရှိသေးတယ်လို့ ဆိုပါတယ်။ အဲဒီလို ထုတ်ဖော်ပြောဆိုပြီး နောက်တစ်ရက်မှာပဲ မြောက်ပိုင်းအဖွဲ့တွေက တုံ့ပြန်လာပါတယ်။

ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေတဲ့ နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမှာမဟုတ်ဘဲ ဘုံရည်မှန်းချက် ပြည့်ဝတဲ့အထိ လုပ်ဆောင်သွားမှာဖြစ်တာကြောင့် ​ပြည်သူတွေ မစိုးရိမ်ကြဖို့ မြောက်ပိုင်းသုံးဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။

လက်ရှိမှာ တစ်ဖွဲ့ချင်းစီနဲ့ သုံးဖွဲ့စလုံးရဲ့ စုပေါင်းရည်မှန်းချက်တွေဟာ အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဖြစ်ပေမယ့် ရည်မှန်းအားလုံး ပြီးမြောက်ဖို့ ဆက်လက်တိုက်ပွဲဝင်ဦးမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ဆွေးနွေးပွဲဟာ ရလဒ်ကောင်းထွက်ခဲ့ပြီး ယာယီအပစ်ရပ်ဖို့နဲ့ နောက်ထပ်တွေ့ဆုံဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပြီးအပြီးမှာတော့ လောက်ကိုင်မြို့မှာ ပစ်ခတ်တာတွေ ရပ်ဆိုင်းသွားပါတယ်။ ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ထား သလို လောက်ကိုင်ကနေ စစ်ကောင်စီထွက်ခွာဖို့ MNDAA က တောင်းဆိုထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

TNLA၊ AA တို့နဲ့တော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် အပစ်ရပ် သဘောတူညီချက်ဟာ MNDAA နဲ့ပဲ သက်ဆိုင်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

……………………………………

မြန်မာ့စီးပွား နာလန်မထူနိုင်သေးဘူးလို့ ကမ္ဘာ့ဘဏ်ပြော

မြန်မာ့စီးပွားရေး နာလန်ထူနိုင်ဦးမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ၊ ကုန်စည်စီးဆင်းမှု အတားအဆီးတွေ၊ ငွေကြေးဖောင်းဖွမှုတွေ စတာတွေကြောင့် စီးပွားရေးတိုးတက်မှု အနည်းအကျဉ်းပဲ ရှိမယ်လို့ ဒီဇင်ဘာလ ၁၂ရက်နေ့က ထုတ်ပြန်တဲ့ ‘ပဋိပက္ခကြားက စိန်ခေါ်မှုများ’ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက ၂၀၂၄ ခုနှစ် မတ်လအထိ ၁ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်စွမ်း ကျဆင်းသွားပြီး စီးပွားရေးအခြေအနေ ဆိုးလာတဲ့အတွက် အခြေခံလူတန်းစားတွေ ပိုမိုထိခိုက်ခံစားနေရတယ်လို့ ဆိုပါတယ်။ ဝင်ငွေတွေကိုလည်း စားသောက်ကုန်အတွက်ပဲ အဓိက သုံးနေရတယ်လို့ ဖော်ပြ ပါတယ်။ လျှပ်စီမီးပြတ်တောက်တာ၊ မလုံခြုံတာ၊ အလုပ်အကိုင်ရှားပါးတာတွေကလည်း ကြီးမားတဲ့စိန်ခေါ်မှုလို့ ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ရပ်ဆိုင်းသွားရင်တောင် ၂၀၂၅ အထိ စီးပွားရေးနှေးကွေးနေဦးမယ်လို့လည်း သုံးသပ်ထားပါတယ်။ ၂၀၁၉ နဲ့ နှိုင်းယှဉ်ရင် မြန်မာ့စီးပွားရေးမှာ ၁၀ ရာခိုင်နှုန်းလောက် နိမ့်ကျသွားပြီး ကိုဗစ်ကပ်ရောဂါမတိုင်ခင် စီးပွားရေး အခြေအနေကို ပြန်မရောက် နိုင်သေးတဲ့ တစ်ခုတည်းသော နိုင်ငံလို့လည်း ဆိုပါတယ်။

……………………………………

ပြည်ပရောက်လုပ်သားတွေဆီကနေ စစ်ကောင်စီ အခွန်စကောက်

ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီကနေ စစ်ကောင်စီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း စတင်ကောက်ခံနေပါတယ်။

အခွန်ဆောင်မှ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ် သက်တမ်းတိုးတာ၊ အသစ်လုပ်တာတွေကို ခွင့်ပြုမယ်လို့ ဖိအားပေးပြီး အခွန်ကောက်ဖို့ ကြိုးပမ်းနေတာပါ။

ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့သလို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း အလားတူ ထုတ်ပြန်ထားပါတယ်။

အခြေခံအလုပ်သမားတွေရဲ့ လစာကို ဘတ် ၇၅၀၀ သတ်မှတ်ပြီး တစ်လကို ဘတ် ၁၅၀ အခွန်ဆောင်ဖို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ထိုင်းမှာ မြန်မာအလုပ်သမား ငါးသန်းလောက်ရှိတာကြောင့် တစ်လကို ဘတ်သန်း ၇၅၀ ထက် မနည်းရအောင် စစ်ကောင်စီက ကြိုးပမ်းနေတာလို့ ဝေဖန်မှုတွေရှိနေပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေ ပြတ်လပ်လာကြောင့် အလုပ်သမားတွေဆီကနေ အခွန်ကောက်လာတာလို့ ထောက်ပြမှုတွေ လည်း ရှိနေပါတယ်။

……………………………………

စခန်း ၁၄၀ ကျော် သိမ်းယူနိုင်ခဲ့တယ်လို့ AA ပြော

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ စစ်ကောင်စီတပ်စခန်း ၁၄၀ ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တော် (AA) က ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးအချက်အခြာကျတဲ့ ဗျူဟာကုန်းတွေ၊ တပ်စခန်းတွေ၊ ရဲစခန်းတွေ၊ စစ်ဘက်ရဲဘက် ပူးပေါင်းစခန်းတွေ၊ နယ်ခြားစောင့်စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ AA က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်အထိ ၄၅ ရက်အတွင်း ရခိုင်က မြို့နယ် ၁၅ ခုနဲ့ ချင်းက ပလက်ဝမြို့နယ်တွေမှာ စခန်းတွေ သိမ်းယူခဲ့တာလို့ ဆိုပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မှာ စခန်း ၆၂ခုနဲ့ အများဆုံးသိမ်းယူထားပြီး အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝ မြို့နယ်မှာ ဗျူဟာနှစ်ခုအပါအဝင်စခန်း ၁၇ခုနဲ့ ဒုတိယအများဆုံးသိမ်းယူထားနိုင်တယ်လို့ ဖော်ပြပါတယ်။

ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၄၃၀အထိရှိလာပြီလို့လည်း AA က ဆိုပါတယ်။

……………………………………

ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်းအပါအဝင် ၁၀ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်

ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ ပယ်ဆောက်ချိန်အပါအဝင် ၁၀ဦးကို တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ပယ်ဆောက်ချိန်ရဲ့သား ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရင့်ချန်နဲ့ ပယ်ဆောက်ချိန်ရဲ့ သမီးဖြစ်သူတို့လည်း ဝရမ်းထုတ်ခံရတာမှာ ပါဝင် ပါတယ်။ ကိုးကန့်ဒေသ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနဲ့ ကွက်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဝိဟိုင်ရန်၊ သူရဲ့ သားနဲ့ သမီးဖြစ်သူတို့လည်း ပါဝင်ပါတယ်။

နောက်တစ်ခါ ကိုးကန့်ဒေသမှာ အချမ်းသာဆုံးဖြစ်တဲ့ ဖူလီလုပ်ငန်းစုက လျှိုကျိမ့်ရှန်၊ သူ့ရဲ့သား လျှိုကျီကွမ်၊ လျှိုကျိမ့်မောက်နဲ့ ရွှီဖာချီ တို့လည်းပါဝင်ပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဆိုင်ဘာမှုခင်းတွေနဲ့ တခြားပြစ်မှုတွေကြောင့် ဝရမ်းထုတ်တာလို့ ဆိုပါတယ်။

နိုဝင်ဘာလအတွင်းကလည်း ကြံ့ခိုင်ရေးအမတ်ဟောင်း မြီရှောက်ချန်းနဲ့ သား၊ မြေးတို့ကို ဝရမ်းထုတ် ဖမ်းဆီးခဲ့သလို အောက်တိုဘာလအတွင်းကလည်း လောက်ကိုင်ဒေသက လုပ်ငန်းရှင် ၁၀ ကျော် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

……………………………………

မော်လူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူ

 ပုံစာ− မော်လူးရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ခဲ့စဉ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက မော်လူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူလိုက်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ မြို့ လေးမြို့အထိ ရှိလာပြီဖြစ်ပါတယ်။

မော်လူးမြို့က အင်အား ၃၀ လောရှိတဲ့ တိုက်နယ်ရဲစခန်းကို ကချင်တပ် (KIA) ၊ ကျောင်းသားတပ် (ABSDF) ၊ ပြည်သူ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၃ရက် နံနက် ၂နာရီ ဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ လေးနာရီလောက်အကြာမှာ ရဲစခန်းသိမ်းယူပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက် လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးမြို့တို့ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းယူထားပါတယ်။

……………………………………