ဖမ်းဆီးခံထားရသည့် ကံပေါက်ဒေသက ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်နှစ်ဦးအနက် တစ်ဦးပြန်လွတ်

0
604
ပုံစာ - ကံပေါက်ရွာ ၊ လှည်းကုန်း  ၁ လမ်း။ 

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် မောရဝတီရေတပ်က ခေါ်ယူစစ်ဆေးနေသည့် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်နှစ်ဦးအနက် တစ်ဦးပြန်လွတ်လာကြောင်း ဒေသခံများထံက သိရသည်။

လှည်းကုန်း ၁ ရပ်ကွက်က ကိုအောင်ခက် ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံတို့က ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်က ကိုအောင်ခက် နှင့် လှည်းကုန်း ၂ ရပ်ကွက်က ကိုပိုင်ပိုင်တို့နှစ်ဦးကို ၎င်းတို့၏နေအိမ်အသီးသီးတွင် ရေတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ဆယ်ရက်အကြာတွင် ကိုအောင်ခက် ပြန်လွတ်လာခြင်းဖြစ်သည်။

“ မေးတာမြန်းတာလောက်ပဲ ။ ရိုက်စစ်ခံရတာမျိုးတော့မရှိဘူး ။ မနေ့က(ဒီဇင်ဘာလ၁၀) နေ့လယ်ပိုင်းလောက် စစ်တပ်က ကားနဲ့ပဲ ပြန်လာပို့ပေးခဲ့တယ်” ဟု ကာယကံရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖမ်းဆီးစစ်ဆေးခံရစဥ် နှစ်ဦးစလုံးကို မောရဝတီရေတပ်အတွင်း အတူတူထားရှိသော်လည်း တစ်ဦး နှင့် တစ်ဦး အဆက်အသွယ်မလုပ်ခိုင်းကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းမှု ဖြစ်စဥ်နောက်ပိုင်း ကံပေါက်ဒေသတွင် ကုန်စုံဆိုင်ပိုင်ရှင် နှင့် လုပ်ငန်းရှင် အချို့ ကို မောရဝတီရေတပ်က မကြာခဏခေါ်ယူစစ်ဆေးလေ့ရှိကြောင်း ဒေသခံတို့ကဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်က အဆိုပါဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်နှစ်ဦး အဖမ်းခံရပြီးနောက် ကံပေါက်ရွာအတွင်း မောရဝတီရေတပ်က ညဘက် ကင်းပြန်လှည့်လာကြောင်း ဒေသခံများက ပြောသည်။