ထားဝယ်တွင် မီးဖိုသုံး ဂက်စ် လိုသလောက်မရ၍ဈေးတက်

0
999

ထားဝယ်တွင် ဒီဇင်ဘာပထမပတ်မှစပြီး မီးဖိုသုံးဂက်စ် လိုသလောက်မရတော့၍ ဈေးမြင့်တက်နေကြောင်း ထားဝယ်ဂက်စ် ဈေးကွက်အတွင်းမှသိရသည်။

ဒီဇင်ဘာပထမပတ်မှစပြီး ထားဝယ်ဈေးကွက်တွင် ၄ ကီလိဂရမ် ဂက်စ် အိုးအတွက် ဂတ်စ်ဖိုး ၁၇၀၀၀ ကျပ်မှ ၂၂၀၀၀ကျပ်၊ ၁၅ ကီလိုဂရမ်အိုးမှာ ၆၅၀၀၀ ကျပ်မှ ၈၂၅၀၀ ကျပ်၊ ၄၈ ကီလိုဂရမ်အိုးမှာ ၁၇၀၀၀၀ ကျပ်မှ ၂၂၀၀၀၀ကျပ်အထိ မြင့်တက်လာနေကြောင်း ထားဝယ် မီးဖိုချောင်သုံး ဂက်စ်ဖြန့်ဖြူးရေး ဈေးကွက်မှသိရသည်။

ထားဝယ်မြို့တွင် မီးဖိုချောင်သုံးဂက်စ်ကို ထိုင်း-မြဝတီလမ်းကြောင်းမှ အများဆုံးတင်သွင်းခြင်းဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းမှစကာ မြဝတီ၊ကော့ကရိတ် အာရှလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဂက်စ် ပြတ်သွားကြောင်း ထားဝယ်မြို့ရှိ ဂက်စ် ကုန်သည်တစ်ဦးကပြောသည်။

“အဓိကမြဝတီလမ်းကြောင်းပေါ့နော် လုံးဝမရသေးဘူး ဂက်စ်ကားတွေ ပိတ်မိနေတုန်းပါပဲ” ဟု၎င်းကပြောသည်။

ထိုကြောင့် ထားဝယ်ခရိုင်အတွင်းရှိ လိုအပ်နေသည့် ဂက်(စ်)ကို ယခင်လက်ကျန်ကို ရောင်းချနေခြင်းဖြစ်ပြီး ရန်ကုန်ဈေးကွက်မှလည်း တစ်ဆင့်မှာယူ ဖြည့်တင်းနေရသည်ဟု ၎င်းကဆိုသည်။

သို့သော် ရန်ကုန်ဈေးကွက်တွင်လည်း ဂက်စ်လိုသလောက်မရခြင်းနှင့် ဂက်(စ်)ရရှိရန် စောင့်ဆိုင်းရခြင်းကြောင့် စရိတ်စကမြင့်တက်သဖြင့် ပြန်ရောင်းရာတွင်လည်း ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း အထက်ပါကုန်သည်ကပြောသည်။

“ရန်ကုန်က မြဝတီထက်ဈေးပိုကြီးတယ်။ နောက်ပြီး ကားတစ်ခေါက်စာ အပြည့်မရတော့ဘူး။ တစ်ဝက်ပဲရတော့တယ်။ ရက်အကြာကြီးစောင့်နေရတော့ စားစရိတ် လုပ်သားစရိတ်တွေ ထပ်ပေါင်းရင် ကားအပြည့်မရရင် ရှုံးတယ် “ဟု ၎င်းကပြောသည်။

ရန်ကုန်ဈေးကွက်တွင် ရှိသော ဂက်စ်ကို ‌ရန်ကုန်၊နေပြည်တော်၊မန္တလေး မြို့ကြီးများသို့သာအဓိက ဦးစားပေးရောင်းချနေသဖြင့် ထားဝယ်ဘက်အရနည်းလာသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

ပုံမှန်ကားတစ်စီးစာဆိုလျှင် ၄၈ ကီလိုဂရမ်အိုး ၁၃၅ လုံးခန့်ရရှိသော်လည်း ယခုအလုံး ၉၀ ကျော်ခန့်သာ ရတော့ကြောင်းသိရသည်။

ခွဲတမ်းအရ နည်းခြင်းနှင့် ဈေးနှုန်းကြီးမြင့်မှုများကြောင့် လက်လီဈေးကွက်တွင် ဂက်စ်ပြတ်သည်မျိုး ဖြစ်နေကြောင်း လောင်းလုံးမြို့နယ်ရှိ လက်လီအရောင်း ဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။