တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1218

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ

စစ်ပြေးတွေကို ပြန်ခေါ်နေရ

ပုံစာ – စစ်ကောင်စီတပ် စစ်ရေးပြအခမ်းအနားတစ်ခု။

ခွင့်မဲ့၊ စစ်ပြေးစစ်သည်တွေ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ဆန္ဒပြုလာရင် လက်ခံမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်မှုထမ်းဟောင်းတွေ၊ ကျန်းမာရေးအရ ထွက်ခွင့်ရထားတဲ့ စစ်သည်ဟောင်းတွေ၊ ခွင့်မဲ့၊ စစ်ပြေးစစ်သည်တွေ တာဝန် ပြန်ထမ်းဆောင်ဖို့ ဆန္ဒပြုလာသူ ငါးရာကျော်ရှိတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ဆန္ဒပြုတဲ့ သာမန်ပြစ်မှုကျူးလွန်တဲ့စစ်သားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမယ်လို့ ဒီဇင်ဘာလ ၃ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလ ၇ရက်နေ့မှာပဲ မန္တလေး၊ တောင်ငူ၊ ပြည်၊ ကလေး၊ ပုသိမ်၊ စစ်တွေ စတဲ့ အကျဉ်း ထောင်တွေကနေ စစ်သားတွေကို လွှတ်ပေးပြီး တပ်ထဲခေါ်သွားတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စစ်သင်တန်းပေးစရာမလိုဘဲ တန်းပြီးလက်နက်တပ်ဆင်နိုင်တဲ့ ခွင့်မဲ့၊ စစ်ပြေးတွေကို ပြန်ခေါ်တာဟာ စစ်ကောင်စီတပ်မှာ အင်အားချိနည်းလာတာကြောင့်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ လူမှုကွန်ရက်ပေါ်မှာပေါက်ကြားလာတဲ့ ကြေးနန်းအရ လည်း တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ တစ်လမှာ တပ်သားသစ်တစ်ဦးနှုန်း စုရမယ်၊ မစုနိုင်ရင် တပ်ဖွဲ့မှူး၊ ဌာနခွဲမှူးတွေကို အရေးယူမယ်လို့ ဖော်ပြပါတယ်။

……………………………………

ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်စခန်းလေးခုပဲ ကျန်တော့တယ်

ကိုးကန့်ဒေသမှာ စစ်ကောင်စီ တပ်စခန်းလေးခုပဲ ကျန်တော့တယ်လို့ ကိုးကန့်တပ် MNDAA က ဆိုပါတယ်။

လောက်ကိုင်မြို့ကို အပေါ်စီးက မြင်ရတဲ့ တာရင်တောာင်ပေါ်က စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ သိမ်းယူ နိုင်ခဲ့ပြီးနောက် အရေးကြီးတဲ့ တောင်ကုန်းနေရာ မရှိတော့ဘူးလို့ MNDAA အာဘော် ကိုးကန့်မီဒီယာက ဖော်ပြပါတယ်။ တာရင်တောင်ဟာ လောက်ကိုင်ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ နဲ့ ၂ မိုင်လောက်ပဲ ဝေးပါတယ်။

စစ်ကောင်စီစခန်း နှစ်ရာကျော်ကို သိမ်းယူထားပြီဖြစ်ပြီး လက်ရှိ ကိုးကန့်ဒေသအတွင်းမှာ မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နှင့် တာရွှေထန်တို့မှာပဲ စစ်ကောင်စီတပ်စခန်းတွေ ရှိတော့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် MNDAA ရဲ့ ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး အောင်မြင်တော့မယ်လို့ ဆိုပါတယ်။

ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက်၊ ချုံကန်၊ ကုန်းကြမ်းစတဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းယူပြီးနောက် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်ကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ပစ်ခတ်ရှင်းလင်းခဲ့တဲ့အထဲမှာ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်းလည်း ပါဝင်တယ်လို့ ကိုးကန့်မီဒီယာက ဖော်ပြပါတယ်။

……………………………………

နိုင်ငံခြားငွေ ပေါက်စျေးအတိုင်းလဲခွင့်ပြု

အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားတာကို ပေါက်စျေးအတိုင်း ရောင်းဝင်ခွင့်ပြုလိုက်ပါတယ်။

ဗဟိုဘဏ်က ရည်ညွှန်းစျေးသတ်မှတ်ပြီး ထိန်းချုပ်ထားရာကနေ ဒီဇင်ဘာလ ၅ရက်နေ့မှာ စျေးကွက်ပေါက်စျေးအတိုင်း ရောင်းဝယ်ခွင့်ပြုတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်တာပါ။

ဗဟိုဘဏ်ရည်ညွှန်းစျေး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ရှိနေပေမယ့် ပြင်ပပေါက်စျေး ၃၄၀၀ ကျော်ရှိနေတာပါ။ ပေါက်စျေးအတိုင်း ရောင်းဝယ်ခွင့်ပြုပြီးနောက် တစ်ရက်မှာပဲ တစ်ဒေါ်လာကို ၁၆၀ ကျပ်ဝန်းကျင် စျေးတက်သွားပါတယ်။

ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေ ၅၀ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်နဲ့ လုပ်ငန်းရှင်တွေ အရှုံးခံပြီး ကျပ်ငွေနဲ့ လဲလှယ်ရနေရတဲ့ ကန့်သတ် ချက်ကိုလည်း လျှော့ချပေးခဲ့ပါတယ်။ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကို ကျပ် ၂၁၀၀ နဲ့ လဲလှယ်ရမှာဖြစ်ပါတယ်။

ရည်ညွှန်းစျေးသတ်မှတ်တာကို ရပ်တန့်လိုက်တာဟာ စစ်ကောင်စီမှာ နိုင်ငံခြားငွေပြတ်လပ်လာတာကို ပေါ်လွင်စေပြီး ပေါက်စျေးအတိုင်း ရောင်းဝယ်ခွင့်ပြုရာကနေ နိုင်ငံခြားငွေဝင်လာအောင်လုပ်တာလို့ ထောက်ပြမှုတွေရှိနေပါတယ်။ ပေါက်စျေးအတိုင်း ဝယ်ရမှာဖြစ်တာကြောင့် စက်သုံးဆီအပါအဝင် သွင်းကုန်တွေ စျေးတက်လာနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

……………………………………

စက်သုံးဆီပြတ်လပ်

ယခုသီတင်းပတ်အတွင်း စက်သုံးဆီပြတ်လပ်တာကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ဆီဆိုင်အများစု ပိတ်ထားရပြီး ဆီရနိုင်တဲ့ ဆိုင်တချို့မှာဆိုရင်လည်း နာရီနဲ့ချီတန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရပါတယ်။

ဒေါ်လာရှားပါးလာတာကြောင့် စက်သုံးဆီ အလုံအလာက် တင်သွင်းဖြန့်ဖြူးနိုင်ခြင်း မရှိသလို ဆီထုတ်ပေးတဲ့ ခွဲတမ်းစနစ်ကို တစ်ပတ်လျှင် တစ်ကြိမ်တည်း ပေါင်းထုတ်ပေးတာကနေ တစ်ရက်စီ ခွဲထုတ်ပေးတာတွေကြောင့် ဆီဆိုင်တွေမှာ ဆီပြတ်လပ် သွားတာလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံအနှံ့မှာ စက်သုံးဆီပြတ်လပ်မှုနဲ့ကြုံနေရပြီး စျေးလည်းတက်နေပါတယ်။

မြို့ကြီးတွေက ဆီရနိုင်တဲ့ ဆီဆိုင်ကြီးတွေမှာ ကားတန်းရှည်ကြီးတွေဖြစ်နေပါတယ်။ ဆီက လိုသလောက် ဝယ်မရဘဲ အကန့် အသတ်နဲ့ ဝယ်ရတဲ့အပြင် နာရီနဲ့ချီစောင့်ဆိုင်းပြီး ကိုယ့်အလှည့်ရောက်မှ ဆီကုန်သွားလို့ လှည့်ပြန်ရတာတွေ ရှိနေပါတယ်။ ဒါ့အပြင် အိမ်သုံးဂတ်စ်တွေ ပြတ်လပ်တာတွေလည်း ကြုံနေရပါတယ်။

……………………………………

မုန်းမြို့မှာ စစ်ကောင်စီတပ်စခန်းတွေ အသိမ်းခံရ

နေပြည်တော်နဲ့ မိုင်တစ်ရာကျော်လောက်ပဲ ဝေးတဲ့ မုန်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ KNU နဲ့ တော်လှန်ရေးအဖွဲ့တွေက ကြေညာထားပါတယ်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ် ခမရ ၅၉၉၊ ခမရ ၅၉၀၊ မုန်းမြို့မရဲစခန်းနှင့် တံတားထိပ် ဂိတ်စခန်းတွေ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အင်အား ၁၅၀၀ ကျော်နဲ့ ဒီဇင်ဘာလ ၂ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာပါ။

သုံးရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၄ရက်နေ့မှာ စခန်းတွေကို သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံး ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက် ဒုတင်ရင်းမှူးအပါအဝင် ၁၉ဦး လက်နက်ချခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေအကြိမ် ၅၀ ကျော် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ရလဲကျေးရွာအတွင်း ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာ ၉၀ ကျော်က ဒေသခံပြည်သူ ခုနစ်သောင်းနီးပါးဟာလည်း ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်တော့ မုန်းမြို့က စစ်ကောင်စီစခန်းတွေ အသိမ်းခံရတာ မရှိဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။

……………………………………

နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ပြော

နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်တွေ အထိနာနေချိန် လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလာပါတယ်။

ဒီဇင်ဘာလ ၄ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာပါ။ လက်နက်ကိုင်အဖွဲ့တွေ ဆက်လက်တိုက်ခိုက်နေရင် အဲဒီဒဏ်ကို ပြည်သူတွေပဲ ခံစားရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ပြောပေမယ့် ကမ်းလှမ်းချက်အသစ် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုထားမျိုးတော့ မရှိခဲ့ပါဘူး။ စစ်ကောင်စီ သွားနေတဲ့ ပြည်ထောင်စုစနစ်မှာ လက်နက်ကိုင်တွေရဲ့ တောင်းဆိုချက်တွေအကုန်ပါတယ်လို့ပဲ ပြောဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်တပ် နိုင်ငံရေးကနေ လုံးဝစွန့်ခွာသွားဖို့ ပြောဆိုထားကြပါတယ်။

……………………………………

ရဟတ်ယာဉ်ကွင်းတွေပါတဲ့ ဗျူဟာစခန်း AA သိမ်းယူ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရဟတ်ယာဉ်ကွင်းနှစ်ကွင်းပါတဲ့ ထရွန်အိုင်ဗျူဟာစခန်းကုန်းကြီးကို ရက္ခိုင့်တပ် AA က ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်မှာ သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ နေ့၊ ည ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားက​နေ ဒီဇင်ဘာလ ၄ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာလို့ AA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ဓာတုဓာတ်ငွေ့ပါသောဗုံးတွေပါ သုံးခဲ့တယ်လ ို့လည်း ဆိုထားပါတယ်။

ပလက်ဝမြို့နယ်မှာ ထရွန်အိုင်ဗျူဟာကုန်းကြီးနဲ့ ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခဲ့တဲ့ နှုံးဘူးဗျူဟာကုန်းကိုလည်း ဆက်လက်သိမ်းယူမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ၊ အိုးအိမ်စည်းစိမ်တွေကို တိုက်ခိုက်တာ ပိုမိုလုပ်ဆောင်လာ တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဒါ့အပြင် လမ်းတွေကို ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ ရှားပါးတာအပါအဝင် အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပါတယ်။

……………………………………