တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1048

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ

အင်ဒိုနီးရှားတွင် ရေကြီးမြေပြိုမှုကြောင့် လူ ၁၀ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှာ မိုးကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၆ ရက်နေ့က ပြောပါတယ်။

ကယ်ဆယ်ရေးသမား ၅၀၀ လောက်ကနေ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့က တောင်ကမ်းပါးပြိုကျလို့ ရွှံ့၊ ကျောက်တုံးတွေနဲ့ သစ်ပင်တွေက တောင်စောင်းကျေးရွာတွေကတဆင့် မြစ်ထဲ အထိ ရောက်ခဲ့တာပါ။

ဓါတ်ပုံတွေအရတော့ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း၊ ဟိုတယ်နဲ့ နေအိမ်တွေ ပျက်စီးနေတာကို တွေ့ရပါတယ်။

ဆူမာတြားမြောက်ပိုင်းက ဧည့်သည် အလာများတဲ့ Toba ရေကန်အနီးက Simangulampe ရွာမှာ အဆိုးဆုံးထိခိုက်ခဲ့တာပါ။

လူတွေ အများအပြား ရွှံ့နွံတွေအောက်မှာ နစ်မြုပ်ကာ အိမ်တွေလည်းပျက်စီးခဲ့ပါတယ်။

ရွာထဲက မိသားစု ၅၀ လောက်ဟာ ယာယီ ခိုလှုံရာနေရာတွေမှာ ပြောင်းရွှေ့နေခဲ့ရပါတယ်။

မြေပြိုလို့ လူ ၂ ဦး သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို ပြုစုနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Ref: Greater Kashmir

………………………………..

ဖိလစ်ပိုင်တွင် ငလျင်ကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်း ငလျင်လှုပ်ခဲ့ရာက အနည်းဆုံး ၂ ဦး သေဆုံးပြီး လူ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က ပြင်းအား ၇ ဒသမ ၆ ရှိတဲ့ ငလျင်ဟာ Mindanao ကျွန်း ကမ်းလွန် မိုင် ၂၀ လောက် အနက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။

ငလျင်ကြောင့် ဆူနာမီရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့အထိ ပြင်းအား ၆ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၄ ခု လှုပ်ခဲ့ပါသေးတယ်။

အိမ်ထဲက နံရံပြိုကျရာက ပိမိပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

ငလျင်ကြောင့် အဆောက်အဦးတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတော့ မတွေ့ရဘူးလို့ အာဏာပိုင်တွေက ဆိုခဲ့ပါတယ်။

Ref: DW

………………………………..

အမေရိကန်စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောများ ပင်လယ်နီတွင် တိုက်ခိုက်ခံရ

အမေရိကန်စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောများ ပင်လယ်နီမှာ ဒီဇင်ဘာ ၂ ရက်နေ့က တိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ဒရုန်းတိုက်ခိုက်မှုလို့ သံသယရှိတဲ့ တိုက်ခိုက်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။

ယီမင် ဟူသီ (Houthi) သူပုန်တွေက ပင်လယ်နီထဲ သွားလာတဲ့သင်္ဘောတွေကို ဆက်တိုက် တိုက်ခိုက်ခဲ့တာလို့ အမေရိကန်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စစ်သင်္ဘောကို ဘာလို့ တိုက်ခိုက်ရတာလဲနဲ့ ပက်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ မပြောကြားခဲ့ပါဘူး။

အမေရိကန်စစ်သင်္ဘော USS Carney နဲ့ ကုန်တင်သင်္ဘောတွေ အတိုက်ခိုက်ခံရတဲ့သတင်းတွေကိုတော့ ထုတ်ပြန်ထားခဲ့ပါတယ်။

Ref: CNN

………………………………..

ပြင်သစ်တွင် ဂျာမနီခရီးသွားတစ်ဦး ဓါးဖြင့် တိုက်ခိုက်ခံရသဖြင့် သေဆုံး

ပြင်သစ်နိုင်ငံ ပါရီမြို့တော် အီဖယ်တာဝါအနီးမှာ ဂျာမနီခရီးသွားတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးသလို နောက်ထပ်လူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က တိုက်ခိုက်မှုအတွက် မသင်္ကာစရာ အသက် ၂၆ နှစ်အရွယ် ပြင်သစ်နိုင်ငံသား အမျိုးသားတစ်ဦးကို ရဲကဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူဟာ အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် ထောင်ထဲမှာ ၄ နှစ်လောက် စီစဉ်ခဲ့တယ်လို့ ဆိုလိုက်တာပါ။

သူက အာဖဂနစ္စတန်နဲ့ ပါလက်စတိုင်းဒေသတွေမှာ မွတ်ဆလင်တွေရဲ့ အသက်တွေ ဆုံးရှုံးနေရတဲ့အပေါ် မကျေနပ်ကြောင်းနဲ့ ပြင်သစ်နိုင်ငံရဲ့ လက်ချက်မကင်းဘူးလို့ ပြောဆိုခဲ့တယ်လို့ ပြင်သစ်ဘက်က ဆိုထားပါတယ်။

Ref: BBC

………………………………..

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၂၃ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားဒေသ မာရာပီမီးတောင်ပေါက်ကွဲမှုမှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမားတွေထဲက ၂၃ ဦးရဲ့ အလောင်းကို ဒီဇင်ဘာ ၃ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပေါက်ကွဲတဲ့နေ့က တောင်တက်သမား ၅၀ ကျော်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဒါဇင်လောက် ပျောက်ဆုံးခဲ့တာပါ။

ဒီဇင်ဘာ ၃ ရက်နေ့က မီးတောင်ပေါက်ကွဲချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်ပေးခဲ့ပါတယ်။

မီးတောင်ဟာ ပေ ၉၅၀၀ နီးပါးအမြင့် ရှိပြီး ထွက်လာတဲ့ ပြာတွေဟာ ၂ မိုင်လောက်ထိ မှုတ်ထုတ်ခဲ့တာပါ။

မီးတောင်ပြာတွေကြောင့် အခက်အခဲကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်ရှင် ၁၃၀ နီးပါးအထိ ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

Ref: DW

………………………………..

ထိုင်းဆုန်ခရမ်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကို သတ်မှတ်

ထိုင်းနိုင်ငံရဲ့ ရေကစားပွဲတော်ဖြစ်တဲ့ ဆုန်ခရမ်ပွဲတော် (Songkran) ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အနေနဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာလိုက်ပါတယ်။

ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ ဆုန်ခရမ်ရေကစားပွဲတော်ကို နှစ်စဉ် ဧပြီလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနေတာပါ။

ဆုန်ခရမ်ပွဲတော်က သန့်ရှင်းစင်ကြယ်ခြင်းနဲ့ ‌ဆေးကြောခြင်းတို့ကို ကိုယ်စားပြုထားပါတယ်။

ဆုန်ခရမ်ပွဲတော်နေ့မှာ ရေကစားတာပဲမဟုတ်ဘဲ သက်ကြီးပူဇော်တာ သံဃာတွေကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်တာ ထိုင်းရိုးရာ အစားအစာ၊ ရိုးရာသီချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲကျင်းပတာလည်း ပါဝင်ပါတယ်။

ဖွေထိုင်းပါတီဦးဆောင်ထားတဲ့ ညွန့်ပေါင်းအစိုးရကတော့ လာမယ့်နှစ် ဆုန်ခရမ်ပွဲတော်ကို ၃ ရက်ကျင်းပမယ့်အစား ဧပြီလ တစ်လလုံးကျင်းပဖို့ စီစဉ်နေပါတယ်။

Ref: The Nation

………………………………..

အစ္စရေးအစွန်းရောက်နေထိုင်သူများကို ဗီဇာပိတ်မယ်လို့ အမေရိကန် ကြေညာ

အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေကို တိုက်ခိုက်ကြတဲ့ အစွန်းရောက်နေထိုင်သူတွေကို ဗီဇာပိတ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာကန့်သတ်တဲ့ မူဝါဒအသစ်ကို ချမှတ်လိုက်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန် က ကြေညာခဲ့တာပါ။

မူဝါဒထဲမှာ အနောက်ဘက်ကမ်းဒေသ ငြိမ်းချမ်းရေး၊ လုံခြုံရေး ဒါမှမဟုတ် တည်ငြိမ်ရေးပျက်ပြားအောင် လုပ်ဆောင်ရာမှာ ပါဝင်တယ်လို့ ယူဆရတဲ့သူတွေ ကန့်သတ်မယ်လို့ ပါဝင်ပါတယ်။

အကြမ်းဖက်မှုတွေ ဒါမှမဟုတ် အခြေခံလိုအပ်ချက်တွေကို အရပ်သားတွေဆီ မရောက်နိုင်အောင် ဟန့်တားတဲ့ လုပ်ရပ်တွေလည်း အရေးယူမယ့်အထဲမှာပါဝင်တယ်လို့ ဆိုပါတယ်။

Ref: Aljazeera

………………………………..

ကမ္ဘာမှ အာကာသထဲသို့ လေဆာရောင်ခြည်နှင့် ဆက်သွယ်လို့ရသော နည်းပညာကို တီထွင်

ကမ္ဘာမြေပေါ်ကနေ အာကာသထဲကို လေဆာရောင်ခြည်နဲ့ ဆက်သွယ်လို့ရနိုင်တဲ့ နည်းပညာသစ်တခုကို ဩစတြေးလျ သိပ္ပံပညာရှင်အဖွဲ့က တီထွင်လိုက်ပါတယ်။

အာကာသထဲ မြေပြင်ကနေ လှမ်းကြည့်နိုင်မယ့် ဌာနတစ်ခုကို ဩစတြေးလျ အမျိုးသားတက္ကသိုလ်က တည်ဆောက်လိုက်တာပါ။

NASA နဲ့ တခြားသူတွေ အာကာကို စူးစမ်း လေ့လာနိုင်ဖို့နဲ့ အင်္ဂါဂြိုဟ်ကို ဘေးကင်းစွာ ရောက်ရှိနိုင်ရေးကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ထားပါတယ်။

ဒီနည်းပညာသစ်က လနဲ့ ကမ္ဘာကြားက ဆက်သွယ်ရေးဂြိုဟ်တုတွေနဲ့ ဒီဂြိုဟ်တုတွေ ပတ်နေတဲ့ လမ်းကြောင်းထက် ပိုဝေးတဲ့ နေရာကို သွားမယ့် အာကာသယာဉ်မှူးတွေအနေနဲ့လည်း ဆက်သွယ်လို့ ရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

စီမံကိန်းကိုတော့ ဩစတြေးလျ အာကာသအေဂျင်စီရဲ့ Moon to Mars အစီအစဉ်ကနေ ပံ့ပိုးခဲ့တာ ဖြစ်ပါတယ်။

Ref: ANU

………………………………..

BLACKPINK အဖွဲ့က အေဂျင်စီနှင့် စာချုပ်သက်တမ်းတိုး

ကေပေါ့အဖွဲ့ BLACKPINK က သူတို့ရဲ့ အေဂျင်စီကုမ္ပဏီ YG Entertainment နဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီလို့ ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာခဲ့ပါတယ်။

BLACKPINK နဲ့ သေသေချာချာ ဆွေးနွေးပြီး အပြန်အလှန်ယုံကြည်လေးစားမှုတွေကို အခြေခံလို့ စာချုပ်လက်မှတ်ထိုးလိုက်တယ်လို့ ကြေညာခဲ့တာပါ။

အရင်တုန်းက သူတို့အဖွဲ့ထဲက အဖွဲ့ဝင်တွေ စာချုပ်သက်တမ်းမတိုးတော့ဘူးဆိုပြီး လတော်တော်ကြာ သတင်းတွေ ထွက်နေခဲ့ပါသေးတယ်။

အဖွဲ့လိုက်မဟုတ်ပဲ တစ်ဦးချင်း အနုပညာလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ဆက်ဆွေးနွေးတုန်းပဲလို့လည်း ကုမ္ပဏီဘက်က ပြောကြားထားပါတယ်။

Ref: BBC

………………………………..

ထိုင်ဝမ်အဆိုတော်တစ်ဦး ဖခင်ဖြစ်သူအတွက် အသည်းတစ်ခြမ်း ပေးလှူ

ထိုင်ဝမ်အဆိုတော်တစ်ဦးက ခွဲစိတ်မှုကြောင့် အသံထိခိုက်မှာကို မစိုးရိမ်ဘဲ အသည်းကင်ဆာခံစားနေရတဲ့ ဖခင်ဖြစ်သူကို ကယ်တင်ဖို့အတွက် အသည်းတခြမ်းကို ပေးလှူခဲ့ပါတယ်။

ပေါလ်ချန်လို့ အမည်ရတဲ့ ထိုင်ဝမ်အဆိုတော်ဟာ ၂၀၂၃ ခုနှစ် Top Star သီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရပြီး စင်ကာပူဒေါ်လာ ၄၂၅၀၀ ရရှိခဲ့တာပါ။

ခွဲစိတ်ကုသမှုခံယူရင် လည်ချောင်းနဲ့ အဆုတ်တွေမှာ ပိုးဝင်နိုင်ပြီး သူ့ရဲ့အသံကို ထိခိုက်စေနိုင်တယ်လို့ သူ့ကို ဆရာဝန်တွေက သတိပေးခဲ့ပါသေးတယ်။

ဖခင်ဖြစ်သူ အသက်ရှင်ဖို့ ၆ လ ကနေ ၁ နှစ်သာရှိတော့တဲ့အတွက် အသည်းတစ်ခြမ်းလှူဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

အသည်းအစားထိုးကုသမှုကို နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

ပေါလ်က သူ ကောင်းကောင်းသက်သာနေပြီး သူ့ဖခင် ပြန်လည်ကျန်းမာလာပြီး မိသားစုအားလုံးနဲ့ ဘေးကင်းစွာအတူနေနိုင်ဖို့ပဲ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။

Ref: Today

………………………………..