စစ်က ကြောက်မက်ဖွယ်ဆိုတာ ငါတို့သိကြပါတယ်။ ဒါဖြင့် ဘာဖြစ်လို့ ထပ်ဖြစ်လာပြန်တာလဲ

0
1031

ပြီးခဲ့တဲ့ ၂-နှစ်မှာ သွေးထွက်သံယို အများဆုံး စစ်ပွဲကြီး ၂-ခု ဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ ဝမ်းနည်းဖွယ်ကောင်းတဲ့ တွက်ချက်လွဲမှုတွေကြောင့်ပါပဲ။

မကြာသေးမီက သတင်းတွေမှာ လွှမ်းမိုးနေရာယူထားတဲ့ တတိယစစ်ပွဲကတော့ တန်ဖိုးကြီးလှတဲ့ နောက်ထပ် အမှားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျနော် ရှင်းပြပါမယ်။ ဘောဂဗေဒပညာရှင်တွေ ကတော့ ဒီအချက်အပေါ် မေးခွန်းထုတ်ကြပါတယ်။

စစ်က ကြောက်မက်ဖွယ်ဆိုတာ ငါတို့သိကြပါတယ်။ ဒါဖြင့် ဘာဖြစ် လို့ ထပ်ဖြစ်လာပြန်တာလဲ?

ပထမအချက်က ဒေတာတွေပါ။ ၂၀၂၂ ခုနှစ်မှာ အသက်ပေါင်းများစွာ သေကြေစေတဲ့ စစ်ပွဲက အီသီယိုပီးယားနဲ့ ယူကရိန်း နိုင်ငံတွေမှာ ဖြစ်ခဲ့ပါတယ်။

စစ်ပွဲတွေနဲ့ ပတ်သက်ပြီး သေကြေရတာက အီသီယိုပီးယားနိုင်ငံ တီဂရေးဒေသမှာ တစ်သိန်း ကျော်ခဲ့သလို၊ ယူကရိန်းမှာ ၈၁,၀၀၀ ရှိခဲ့တယ်လို့ အော်စလိုအခြေစိုက် ငြိမ်းချမ်းရေးသုတေသန အင်စတိကျု (Peace Research Institute Oslo) က ဆိုပါတယ်။

ဒီပဋိပက္ခတွေကြောင့်၊ စစ်ပွဲကြောင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် လူသေကြေ ရတာက ၂၈ နှစ်တာကာလမှာ အမြင့်မားဆုံး ၂၃၇,၀၀၀ ဦး ရှိလာတယ်လို့ အင်စတိကျုက ဆိုပါတယ်။

ယုံချင်ယုံ မယုံချင် နေပါ။ နှိုင်းယှဉ်ချက်အရ ၂၀၂၃ ခုနှစ်မှာ ငြိမ်းချမ်းနေခဲ့ပါတယ်။

အခုအသစ် စစ်ပွဲကတော့ အောက်တိုဘာလ ၇ ရက်နေ့မှာ ဟာမာ့စ်က အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှာ ဖြစ်ပေါ်လာပါတယ်။

အစ္စရေး ကာကွယ်ရေးတပ်တွေက တန်ပြန်တိုက်ခိုက်ကြတာပါ။ ပြောတာကတော့ ဂါဇာကနေ ဟာမာ့စ်အဖွဲ့ကို အမြစ်တူးထုတ်ရမယ်လို့ ဆိုတာပါပဲ။

ဟာမာ့စ်က ပထမတိုက်ခိုက်မှုမှာ အစ္စရေးနိုင်ငံသား ၁,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်။

နောက်ပိုင်းတိုက်ခိုက်မှုမှာတော့ အစ္စရေး စစ်သား၊ အရာရှိနဲ့ စုဆောင်းထားတဲ့ အရံစစ်သား ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြပါတယ်။

ဂါဇာရှိတဲ့ ကျန်းမာရေး အရာရှိတွေ ခန့်မှန်းချက်အရတော့ အစ္စရေး တန်ပြန် တိုက်ခိုက်မှုမှာ လူ ၁၄,၀၀၀ ကျော် သေဆုံးတယ်လို့ ဆိုပါတယ်။ အဲဒီအထဲကမှ တစ်သောင်းကျော်ဟာ အမျိုးသမီးနဲ့ ကလေးတွေပါ။

(ဒါဟာ အရပ်သား သေဆုံးရမှု ခန့်မှန်းချက်ရဲ့ အနိမ့်ဆုံး ဂဏန်းပဲ ဖြစ်ပါသေးတယ်) အနောက်ဖက်ကမ်း West Bank မှာလည်း လူသေဆုံးရတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတာပါ။

ဒီစစ်ပွဲတွေက ဖြစ်မလာသင့်ဘူးလို့ ငြင်းချက်ထုတ်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ဦးက လွဲမှားတွက် ချက်ပြီး ဖြစ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အီသီယိုပီးယားရဲ့ အငြင်းပွားနေတဲ့ တီဂရေးဒေသမှာ တီဂရေး ပြည်သူ့ လွတ်မြောက်ရေး တပ်ဦးက အီသီယိုပီးယား စစ်တပ်စခန်းကို ၂၀၂၀ ခုနှစ်မှာ တိုက်ခိုက်ခဲ့ပါတယ်။

“ဖြစ်နိုင်တာက (ဗဟို အစိုးရနဲ့) ပိုသာလွန်တဲ့ ညှိနှိုင်းမှုရဖို့ ကြိုးပမ်းတာမျိုးပါ”

ကယ်လီဖိုးနီးယား တက္ကသိုလ်- ဆန်ဒီယေးဂိုးမှာ စစ်ပွဲတွေ အကြောင်း လေ့လာခဲ့တဲ့ ဘောဂဗေဒပညာရှင် အီလီ ဘာမင်း (Eli Berman) က ကျနော့်ကို ပြောပါတယ်။

ဒီကိစ္စအတိုင်း စစ်ပွဲပေါ်ပေါက်ခဲ့တာ ဆိုရင် အစီအစဉ် ချထားတဲ့အတိုင်း ဖြစ်မလာဘူးပေါ့။

ညှိနှိုင်းမှုတွေ ဖြစ်လာရမယ့်အစား အစိုးရက ပြန်တိုက်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၀၂၀ ကနေပြီးတော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာအထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ ပါတယ်။

ဖက်နှစ်ဖက်စလုံးမှာ စစ်ရာဇဝတ်မှုတွေနဲ့ ငတ်မွတ်ရမှုတွေအတွက် စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နာမည်ကျော်လှတဲ့ တွက်ချက်လွဲပုံတွေအတွက်တော့ ကျနော် အချိန်ပေး မဖော်ပြလို တော့ပါဘူး။ သူက ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလင်းစကီးနဲ့ ယူကရိန်းပြည်သူတွေအပေါ် အင်အားမရှိဘူးလို့ ထင် ထားခဲ့ပါတယ်။

ရုရှားကို ခုခံလိုစိတ် ရှိမှာ မဟုတ်ဘူးလို့လည်း ထင်ခဲ့ပါတယ်။ စစ်ပွဲကြောင့် ရုရှားကို ချိနဲ့စေပြီး ပူတင် အနေနဲ့ အနောက်အုပ်စုရဲ့ ဖယ်ကျဉ်ခံ ဖြစ်စေခဲ့ပါတယ်။

ဟာမာ့စ်တွေအတွက်တော့ ပြောဆိုနေကြတဲ့ သီအိုရီတစ်ခုက မျှော်လင့်မထားတဲ့ အငိုက်မိ တိုက်ခိုက်မှုက အကြမ်းဖက် အဖွဲ့အစည်းတွေ အားလုံး ဆောင်ရွက်ခဲ့သမျှအထဲက မျှော်လင့်ထားနိုင်သမျှအဆုံး အအောင်မြင်ဆုံးလို့ ဆိုကြပါတယ်။

တစ်ခုပဲ အဆိုးရလဒ် ထွက်စေခဲ့ပါတယ်။ အကြောင်းကတော့ အရင်အတိတ်ကထက် အစ္စရေးရဲ့ လက်တုံ့ပြန် လက်စားချေ မှု အဆိုးရွားဆုံးဖြစ်အောင် ဆွပေးခဲ့တာပါပဲ။

ဟာမာ့စ်အဖွဲ့ကို နောက်တကြိမ် ပြန်ခေါင်းမထောင်နိုင်အောင်နဲ့ တစ်ခါ တည်းနဲ့ အစတုန်း ချေမှုန်းဖို့အကြောင်း ဖြစ်လာပါတယ်။

“ဒါက အောက်တိုဘာ ၇ ရက်အတွက် ‘ဟာကနဲ မှားသွားပြီ’ သီအိုရီ ‘oops’ theory ပါပဲ” လို့ ဘာမင်း (Berman) က ဆိုပါတယ်။

အခြားသီအိုရီတခုမှာတော့ သေချာတာက ဟာမာ့စ် က သူတို့လိုချင်တဲ့ကိစ္စကို ရသွားတာပါ။

“ပါလက်စတိုင်းပြဿနာကို စားပွဲပေါ်ရောက်အောင် ပြန်တင်နိုင်ခဲ့ပြီ။ ခုတော့ ဒေသတခုလုံးက ပြန်တည်ငြိမ်ဖို့ မျှော်လင့်နေကြရပြီ” လို့ ဟာမာ့စ်ရဲ့ ထိပ်သီးခေါင်းဆောင်မှုအဖွဲ့ဝင် တဦးဖြစ်တဲ့ ခါလေး အယ်လ် ဟေယာ (Khalil al-Hayya) က ဒီလထုတ် တိုင်းမ်မဂ္ဂဇင်းကို ဆိုပါတယ်။

ဘောဂဗေဒ ပညာရှင်တွေနဲ့ နိုင်ငံရေးသိပ္ပံ ပညာရှင်တွေက ယေဘုယျ ယုံကြည်လေ့ရှိတာကတော့ တွက်ချက်လွဲမှားတဲ့ ကိစ္စတွေက အမြဲတစေဆိုသလို ကျိုးကြောင်းဆီလျော် စဉ်းစားမှုတွေနဲ့ တကယ့်ကို ကွက်တိ ကိုက်ညီနေတတ်တယ်လို့ ဆိုပါတယ်။

သူတို့ယူဆတာက နိုင်ငံရေးခေါင်းဆောင်တွေက အပြည့်အဝ ကျိုးကြောင်းဆီလျော် စဉ်းစားကြသူတွေ ဖြစ်ပြီး၊ ဘာပဲ ဖြစ်ဖြစ် သူတို့ကို ဆန့်ကျင်နေကြသူတွေရဲ့ အာဏာ ဒါမှမဟုတ် ဆုံးဖြတ်တဲ့လုပ်ရပ် စတဲ့ သတင်းအမှား တွေအပေါ် အခြေပြုပြီး အမှားတွေ လုပ်ကြမှာ မဟုတ်ဘူးလို့ ယေဘုယျ မြင်ထားပါတယ်။

ဒါပေမဲ့ ဩဇာကြီးလှတဲ့ စတန်းဖို့ဒ် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင်၊ နောက်ပိုင်း ချီကာဂိုတက္ကသိုလ်က ဂျိမ်းစ် ဖီရွန် (James Fearon) ရဲ့ ၁၉၉၅ ဆောင်းပါးမှာတော့ (အားလုံးမဟုတ်ဘူး ဆိုရင်တောင်) ကိစ္စ အများစုကို ဖော်ပြထား ခဲ့ပါတယ်။

ကျိုးကြောင်းဆီလျော် စဉ်းစားကြတဲ့ ခေါင်းဆောင်တွေက ဝိဝါဒကွဲပြား ရှုပ်ထွေးစရာ အကြောင်းတွေကို ရှင်း လင်းနိုင်ပြီး လျော်ကန်တဲ့ သတင်းတွေအပေါ်မှာ ဆုံးဖြတ်ချက်တွေ ချမှတ်ကြပါတယ်။

စစ်ပွဲတွေက ဘယ်လောက်ဖျက် ဆီးနိုင်တယ်ဆိုတာနဲ့ ဘယ်လောက် သေကြေနိုင်တယ်ဆိုတာအပေါ် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမယ့်အပေါ် ရှောင် လွှဲနိုင်ဖို့ “သံတမာန်ရေး ဒါမှမဟုတ် အခြား ဆက်သွယ်ရေးနည်းနာတခုခုကိုသုံးဖို့” နိုင်ငံရေးခေါင်းဆောင်တွေအတွက် မက်လုံး ခိုင်ခိုင်မာမာ ရှိနေဖို့ လိုအပ်ပါတယ်။

ပါမောက္ခ ဖီရွန်က နိုင်ငံတကာအဖွဲ့အစည်းများ ဂျာနယ် (journal International Organization) မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ “စစ်ပွဲအပေါ် လက်တွေ့ဝါဒီတွေရဲ့ ရှင်းပြချက်” (Rationalist Explanations for War) မှာ ဒီအချက်ကို ရေးသား ဖော်ပြခဲ့ဖူးပါတယ်။

“တိကျတဲ့ ဥပမာဖော်ပြရရင်” ဖီရွန် ရေးခဲ့တာက “၁၉၁၄ ခုနှစ်မှာ ဂျာမန်ခေါင်းဆောင်တွေက ဗြိတိသျှနဲ့ ရုရှားခေါင်း ဆောင်တွေကို အလွယ်ကလေး မေးရင်ရသားနဲ့ ဘာဖြစ်လို့ မမေးခဲ့ကြတာလဲ။

အကယ်၍ ဩစတီးယားက ဆာဗီးယားကို တိုက်ခိုက်လာရင် သူတို့ဘာလုပ်ရမယ်ဆိုတာ ဘာဖြစ်လို့ မမေးခဲ့ကြတာလဲ။

အကယ်၍ မေးမြန်းခဲ့ရင် ဖြေဆိုတာ အပေါ်လည်း ယုံကြည်ခဲ့မယ်ဆိုရင် ဂျာမန်တွေက ရုရှားနဲ့ပတ်သက်လို့ လွဲမှားတွက်ချက်မှုတွေ ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။

ပိုအရေးကြီးတာက ဗြိတိသျှတို့ရဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်လိုတဲ့ အနေအထားပါ။

အကျိုးဆက်ကတော့ သူတို့အနေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ပထမ ကမ္ဘာစစ်ကို ရှောင်လွှဲနိုင်ခဲ့မှာပါ”လို့ ဆိုပါတယ်။

ခုအချိန်တိုင် ဖီရွန်က ခေါင်းဆောင်တွေအနေနဲ့ ကျိုးကြောင်းဆီလျော် စဉ်းစားတယ် ဆိုသော်လည်း၊ လွဲမှားတွက်ချက်မှု ဖြစ်စေခဲ့တဲ့ တိကျတဲ့ ဖြစ်ရပ် ၃ ခုကို ဖော်ပြပါတယ်။

ပထမအချက်က ဖက်တခုခု သို့မဟုတ် အခြားဖက်က အာဏာနဲ့ ပတ်သက်လို့ သူတို့သီးသန့် သတင်းအချက်အလက်တွေ ရှိနေတယ်။

ဒါမှမဟုတ် အခြားတဖက်အပေါ် လွဲမှားကောက်ယူ ဖို့လည်း စိတ်ပိုင်းဖြတ်ချက်နဲ့ မက်လုံးတွေ ရှိနေတယ် ဆိုပါစို့။

ဥပမာ- ဖြီးလုံး ဖြန်းလုံးလို သဘောထားတာမျိုးပေါ့။ အခြား တစ်ခုကတော့ ပါတီတစ်ခု သို့မဟုတ် နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်အပေါ် ယုံကြည်ကိုးစားနိုင် လောက်အောင် စိတ်ပိုင်းဖြတ်မှု မလုပ်ကြဘူး ဆိုပါစို့။

အကြောင်းကတော့ သူတို့က ဖော်ပြထားတဲ့ အချက်အလက် တွေ ကနေ သွေဖယ်ဖို့ မက်လုံးတွေ ရှိနေကြသေးလို့ပါပဲ။ တတိယတစ်ခုကတော့ ဆုလဒ်ကို အလယ်က ခွဲဝေ ဝေခြမ်းရအောင် မညှိနှိုင်းနိုင်ကြလို့ ဖြစ်ပါတယ်။

အကြောင်းကတော့ ဆုလဒ်က ခွဲခြမ်းမရနိုင်လို့ပါပဲ။ ဆိုပါစို့။ ထီးနန်းကို ၂ ယောက် အပြိုင်တက်လို့ မရသလိုမျိုးပေါ့။

ဖီရွန်က အလေးပေးဖော်ပြခဲ့တဲ့ ဒုတိယပြဿနာကတော့ သံန္နိဌာန် စိတ်ပိုင်းဖြတ်မှုဆိုင်ရာ ပြဿနာပါ။

ဘာမန်း (Berman) ကျနော့်ကို ပြောသလိုဆိုရင် သံတမာန်ရေးကိုပဲ တစ်ကြိမ်ပြီး တစ်ကြိမ် ပြန်လာပါတယ်။ စစ်တိုက်တဲ့သူတွေက နှစ်ပေါင်းများစွာ တိုက်ခိုက်နေကြတာက အခြားတစ်ဖက်က ငြိမ်းချမ်းရေးကို လိုက်နာမယ်ဆိုတာ မယုံကြည်နိုင်လို့ပါပဲ။

သူတို့ကို တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့ အင်အားရှိတဲ့၊ စိတ်လိုလက်ရရှိတဲ့ တတိယပါတီကလည်း မရှိဘဲ ဖြစ်နေ ပါတယ်။ ကုလသမဂ္ဂက သိပ်ပြီး အားနည်းချိနဲ့လွန်းပါတယ်။

အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ပုလိပ်ကြီးအဖြစ် ထမ်း ဆောင်ဖို့လည်း စိတ်ဝင်စားမှု မရှိတော့ပါဘူး။

အစ္စရေးနဲ့ ပါလက်စတိုင်းအကြား နိုင်ငံ ၂-ခုဆိုတဲ့ အဖြေကိုရောက်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ အထမမြောက်နိုင်၊ ကျရှုံးခဲ့ ရတာက စိတ်ပိုင်းဖြတ် သံန္ဒိဌာဌာန်ချမှတ်မှု ပြဿနာအတွက် တကယ့်ကျမ်းရိုး ဥပမာပါပဲ။

အစ္စရေးက သီးခြားလွတ်လပ်တဲ့ ပါလက်စတိုင်း နိုင်ငံကို အနောက်ဖက်ကမ်းနဲ့ ဂါဇာဒေသမှာ ဖွဲ့ခွင့်ပေးလိုက်ရင် အစ္စရေးကို ဖျက်ဆီးဖို့ အဲဒီဒေသကို အခြေခံပြီး ဆောင်ရွက်ကြလိမ့်မယ်လို့ ကြောက်နေပါတယ်။

လူအများကလည်း ဟာမာ့စ်က အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုဟာ ဒီစိုးရိမ်ပူပန်မှုအတွက် အကြောင်းပြချက် ဖြစ်စေပါတယ်။

ငြိမ်းချမ်းရေးအတွက် အလားအလာကို ပိုလို့ တောင် ဝေးစေခဲ့ပါတယ်။ နှစ်ဖက်စလုံးက ကျန်တဲ့ဖက်ကို အင်အားနဲ့စကားပြောမှပဲ ရမယ်လို့ ယုံကြည်နေကြပါတော့ တယ်။

ဖီရွန်ရဲ့ ၁၉၉၅ ခုနှစ် ဂန္ဓဝင်ဆောင်းပါးက အဓိကအားဖြင့် နိုင်ငံရေးခေါင်းဆောင်တွေက ကျိုးကြောင်းဆီလျော် စဉ်းစား ကြတယ်ဆိုတဲ့ အချက်အပေါ် ယူဆထားပါတယ်။

စိတ်ခံစားမှု၊ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲမှု၊ ဒါမှမဟုတ် ကျိုးကြောင်း ဆီလျော် မရှိလှတဲ့ ခေါင်းဆောင်များရဲ့ စစ်ပွဲတွေအကြောင်း ရှင်းပြရတာ ပိုမိုလွယ်ကူလိမ့်မယ်လို့ ဖီရွန်က ရေးခဲ့ပါတယ်။

ဒါနဲ့ ကျနော်က အော်စလို ငြိမ်းချမ်းရေးသုတေသန အင်စတိကျုက ဆီရီ အားစ် ရတ်စ်တဒ် (Siri Aas Rustad) ကို မေး ကြည့်ခဲ့တယ်။ ဘာဖြစ်လို့ အကြမ်းဖက်မှုတွေက တဖန်ပြန်များလာရသလဲလို့၊ သူမ ဘယ်လိုထင်ပါသလဲ။ “ရှင်းပြဖို့တော့ ခက်ပါတယ်” သူမက ပြောတယ်။

“ဒုတိယကမ္ဘာစစ် ဖြစ်ခဲ့ပြီးတာ သိပ်ကြာသွားခဲ့ပြီ။ ကမ္ဘာစစ်ဆိုတာ ဘယ်လိုလဲဆိုတော့ ကျမတို့ မေ့သွားခဲ့ပြီ။ ဒီလိုနဲ့ ပဋိပက္ခတွေ ပိုဖြစ်လာခဲ့တာပဲ”။

ဒီအချက်က ကျနော်ထင်တာကတော့ “ကျိုးကြောင်းဆီလျော်မဖြစ်တဲ့ ကိစ္စ “irrational” ဖီရွန်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုတာနဲ့ ကိုက်ညီမယ် ထင်မိတယ်။

Peter Coy The New York Times ​ရေးသား၍ ​အောင်သူငြိမ်း ဘာသာပြန်သည်။