မြန်မာစစ်ဘေးရှောင်များကို လက်ခံရန်အသင့်ဟု ထိုင်းပြော

0
1066
ပုံစာ - ပြီးခဲ့သော နိုဝင်ဘာက ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ဘက်သို့ ထွက်ပြေးလာသော ကရင်နီဒုက္ခသည်များ။ ဓာတ်ပုံ - The Nation

မြန်မာနိုင်ငံအတွင်း လတ်တလော ပိုမိုပြင်းထန်လာသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာမည့် ဒုက္ခသည်များကို လက်ခံရန် အဆင်သင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဒုက္ခသည်များကို လက်ခံရန် နယ်စပ်တစ်လျှောက် ယာယီစစ်ဘေးရှောင်ခိုလှုံရေးစခန်းများ တည်ဆောက်ပေးရန် ထိုင်းဘက်က အသင့်ရှိကြောင်း ဝန်ကြီး Parnpree Bahiddha-Nukara က ဒီဇင်ဘာလ ၃ ရက်တွင် ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကို စောင့်ကြည့်စစ်ဆေးနေကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အမြန်ဆုံး ပြန်လည် တွေ့ဆုံ ညှိနှိုင်းကြရန်အတွက် တိုက်တွန်းကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်လက် ပြောဆိုသည်။ 

လတ်တလောတွင် ဒုက္ခသည်များ စုပြုံဝင်ရောက်မှု မရှိသေးဘဲ တိုက်ပွဲများ ပိုမိုပြင်းထန်လာပါက ဒုက္ခသည်များ ထိုင်းနိုင်ငံတစ်ခုတည်းကိုမဟုတ်ဘဲ နေရာပေါင်းစုံကို ထွက်ပြေးတိမ်းရှောင်လာနိုင်ကြောင်း ဝန်ကြီးက ဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် မဲဆောက်မြို့မှ ၁၀ ကီလိုမီတာခန့်အကွာ နယ်စပ် မြဝတီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် ကုန်တင်ကားများ ပိတ်မိနေသဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေခဲ့ပြီးနောက် ယခုကဲ့သို့ ထိုင်းဘက်က ထုတ်ဖော်ပြောကြားလာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကို သက်ရောက်မှုမရှိကြောင်းနှင့် အကယ်၍ ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်လာပါက လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းစစ်ဘက် အရာရှိတစ်ဦးက ပြောသည်။

ထိုင်းစစ်သားများကလည်း ထိုင်းနယ်နိမိတ်ကို ကာကွယ်ရန် လုံခြုံရေးအရ အသင့်ပြင်ထားပြီး ထိုင်းနိုင်ငံဘက်သို့ ထိပါးမှုများ မရှိစေရန် လုံခြုံရေး တိုးမြှင့်ချထားကြောင်း Bangkok Post တွင် ဖော်ပြထားသည်။

မြန်မာဘက်က တိမ်းရှောင်လာမည့် စစ်ဘေးရှောင်များကို လက်ခံရန် အသင့်ရှိသည်ဟု ထိုင်းဘက်က ပြောဆိုနေချိန် ထိုင်းနိုင်ငံထဲ ခိုလှုံနေသည့် မြန်မာစစ်ဘေးရှောင်များကို ပြန်ခိုင်းနေသဖြင့် ဝေဖန်မှုများရှိနေသည်။

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ထောင်နှင့်ချီကို မြန်မာနိုင်ငံထဲ ပြန်ခိုင်းနေခဲ့သဖြင့် အဆိုပါဒုက္ခသည်များစွာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေခဲ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြောဆိုထားသည်။

Ref: Bangkok Post