ရေဖြူ ညင်းထွေးရွာတွင် နေအိမ်ငါးလုံးဖောက်ထွင်းခံရ

0
1149

ရေဖြူမြို့နယ် ၊ ညင်းထွေးရွာတွင် နှစ်ရက်အတွင်း နေအိမ်ငါးလုံး ဖောက်ထွင်းခံရပြီး ရွှေနှင့် ငွေသားများ ခိုးယူခံရကြောင်း ရွာသားများက ပြောသည်။

နံနက် ၃ နာရီနှင့် ၄နာရီကြားဝန်းကျင်တွင် နေအိမ်များဖောက်ထွင်းခံရခြင်းဖြစ်ပြီး ဖောက်ထွင်းခံရသည့် နေအိမ် ငါးအိမ်စလုံးသည်  နီးကပ်သည့် အိမ်များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

နိုဝင်ဘာလ ၂၆ရက်တွင် တစ်အိမ်ဖောက်ထွင်းခံရပြီး နိုဝင်ဘာလ ၂၈ရက်တွင် လေးအိမ်ဆက်တိုက် ထပ်မံဖောက်ထွင်းခံရကြောင်း ညင်းထွေးရွာသားတစ်ဦးက ပြောဆိုသည်။

“မိသားစုဝင်နည်းတဲ့အိမ်တွေကို ရွေးပြီးဖောက်သွားတယ် ။ အခုလောလောဆယ်ကတော့ ညဘက်တွေဆိုရင် ရပ်ရွာက လူငယ်တွေတစ်ယောက်နဲ့တစ်ယောက် ဖုန်းနဲ့ ဆက်သွယ်ချိတ်ဆက်ပြီး ကိုယ့်အိမ်ပေါ်ကနေ စောင့်ကြည့်နေတယ်။ (ညမထွက်အမိန့်ကြောင့်) အပြင်မှာလည်း ထွက်စောင့်နေလို့လည်း မရဘူးလေ” ဟု ၎င်းက ပြောသည်။

ဖောက်ထွင်းခံရသည့် နေအိမ်ငါးလုံးတွင် စုစုပေါင်း ရွှေတစ်မတ်သားနှင့် ငွေကျပ် ကိုးသိန်းနီးပါး ခိုးယူခံခဲ့ရကြောင်း ဖောက်ထွင်းခံရသည့် ကာယကံရှင်မိသားစုဝင်များနှင့် နီးစပ်သူများက ပြောဆိုသည်။ 

အိမ်ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးသော်လည်း ခိုးယူသူများကို ဖမ်းမိပါက သက်ဆိုင်ရာသို့ အရေးယူရန် အပ်နှံသွားမည်ဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ 

ယခင်က ညင်းထွေးကျေးရွာတွင် နေအိမ်ဖောက်ထွင်းခိုးယူခံရမှု မကြားဖူးကြောင်း ရွာသားများက ဆိုသည်။

ညင်းထွေးကျေးရွာသည် ရေး-ထားဝယ် ကားလမ်းမနံဘေးတွင် တည်ရှိပြီး စည်ကားသည့် ကျေးရွာတစ်ရွာဖြစ်သည်။