ကော့သောင်းမှ ဝင်လာသော မြန်မာလုပ်သားခုနစ်ဦး ရနောင်းတွင် ဖမ်းဆီးခံရ

0
7338

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ကော့သောင်းမှတစ်ဆင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

စုန့်စမ်ရမ်ဒေသ နာ့ခါးရွာအနီးတွင် မြန်မာအလုပ်သမားများကို ပစ်ကပ်ကားဖြင့် တရားမဝင် ပို့ဆောင်နေသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် စစ်ဆေးရေးဂိတ်ရှိ အာဏာပိုင်များက ရှာဖွေဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ပစ်ကပ်ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသားတစ်ဦး၊ အမျိုးသမီးခြောက်ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း ဆိုသည်။

မြန်မာအလုပ်သမားများသည် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border pass) ဖြင့် ဝင်ရောက်လာခဲ့ကြပြီး ဖူးခက်မြို့သို့ သွားရောက်လုပ်ကိုင်ကြမည်ကြောင်း ဖော်ပြသည်။ 

ထိုင်းကားသမားကလည်း မြန်မာအလုပ်သမားများကို နာ့ခါးရွာရှိ လှေဆိပ်မှတစ်ဆင့် မြန်မာအလုပ်သမားများကို ပို့ဆောင်ပေးရန် မြန်မာပွဲစားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ခဲ့သဖြင့် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

ပို့ဆောင်ခ တစ်ဦးစီအတွက် ဘတ် ၁၀၀၀ ရရှိခဲ့ပြီး အားလုံးကို ဖန်ငခရိုင် တကို့ပါဒေသသို့ တစ်ဆင့်ခံ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်းလည်း ဆိုသည်။  

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများနှင့် ထိုင်းကားသမားကို အရေးယူနိုင်ရန် စုန့်စမ်ရမ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်လက်မှတ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများကို မည်သို့ အရေးယူမည်ကို ဖော်ပြထားခဲ့ခြင်းမရှိပေ။

Border Pass ဖြင့် ဝင်ရောက်လာသူများသည် ရနောင်းခရိုင်အတွင်းရှိ သတ်မှတ်ထားသော ဒေသများကိုသာ လည်ပတ်ခွင့်ရှိပြီး နယ်ကျော်ခရီးသွားလာခွင့် မရှိပေ။

သတ်မှတ်ထားသော နယ်မြေကို ကျော်လွန်၍ ခရီးသွားလာခဲ့ပါက တရားမဝင် ဝင်ရောက်လာသူများ ကဲ့သို့ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရနောင်းအခြေစိုက် မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) က ကိုသားကျော်က ဆိုသည်။

“သူတို့ကို နယ်ကျော်တဲ့ ဥပဒေနဲ့ ဖမ်းလို့ရတယ်။ ၄၅ ရက်ဖမ်းဆီးပြီးတော့ မြန်မာပြည်ပြန်ပို့တာပေါ့” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၃၈၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများနှင့် ထုတ်ပြန်ချက်များတွင် ဖော်ပြသည့် အချက်အလက်များကို စုစည်းမှုအရ သိရသည်။