ချင်းမိုင်တွင် ဓာတုပစ္စည်းပေါက်ကွဲမှုကြောင့် မြန်မာလုပ်သား အပါအဝင် ၃ ဦးသေဆုံး

0
941

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ သစ်သီးခြံတွင် ဓာတုပစ္စည်း ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများနှင့် ထိုင်းပြည်သူ့ဆက်ဆံရေး နယ်မြေ ၃ က ဖော်ပြထားသည်။

ချင်းမိုင်ခရိုင် ဖလောင်းဝူးဒေသ မဲ့ဝဲရွာရှိ လမ်ယိုင်သစ်သီးခြံ (လုံငန်းသီးခြံ) တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ခြံအတွင်း မြန်မာအလုပ်သမား ၂ ဦးနှင့် ထိုင်းအလုပ်သမားတစ်ဦး လုပ်ကိုင်နေကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် နန်းဒဲအမည်ရှိ မြန်မာအလုပ်သမားတစ်ဦးနှင့် ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အလောင်းများကို ခြံအတွင်းရှိ အလုပ်ရုံနှင့် သစ်ပင်ပေါ်တွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ကိုအောင်အမည်ရှိ မြန်မာအလုပ်သမားတစ်ဦးလည်း ကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာများဖြင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် ဖလောင်းဝူဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် ခြံရှိ အဆောက်အဦးမှာ အမိုးများလန်၍ လုံးဝပျက်စီးသွားခဲ့ပြီး ကားနှစ်စီးလည်း ပျက်စီးခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်၏ အသေးစိတ်အကြောင်းအရင်းကို မသိရသေးပေ။

၁၉၉၉ ခုနှစ်ကလည်း ချင်းမိုင်တွင် ပိုတက်စီယမ် ကလိုရိတ် ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုရှိခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

Ref/photo: Thairath, Matichon Online, Bangkok Post