ပေါက်တိုင်းတံတားဂိတ် ပစ်ခတ်မှုဖြစ်ပြီးနောက် ကျောက်ရပ်ရွာသားအချို့ ပြောင်းရွှေ့

0
1140

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာအုပ်စုတွင် ပေါက်တိုင်တံတားဂိတ် ပစ်ခတ်ခံရမှုဖြစ်စဥ်အပြီးတွင် ရွာသားအချို့မှာ မြို့ပေါ်နှင့် အခြားဒေသများသို့ ရွှေ့ပြောင်းသွားကြကြောင်း ဒေသခံများထံမှသိရသည်။

“ အများစုကတော့ မပြောင်းကြပါဘူး။ ပြောင်းတဲ့လူတွေကတွေ့ ဖြစ်ပြီးတဲ့နောက်တစ်နေ့ကစပြီး ပြောင်းနေကြတယ်။ ကျန်နေတဲ့လူတွေကလည်းသတိနဲ့နေရတယ်။ ဘယ်အချိန်ဘာထပ်ဖြစ်မလဲမသိဘူး” ဟု ကျောက်ရပ်ကျေးရွာအုပ်စုက ဒေသခံတစ်ဦးကပြောသည်။

နိုဝင်ဘာလ ၂၆ ရက် ၊ မနက်၅နာရီနှင့် ၇နာရီအကြားက ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တွင် လက်နက်ကြီးပစ်ခတ်သံနှင့်သေနတ်ပစ်သံများ ကြားရပြီးနောက်  ကျောက်ရပ်ကျေးရွာအတွင်း နေအိမ်၂လုံး လက်နက်ကြီးထိမှန်ခဲ့ပြီး အမျိုးသား၂ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့ကပြောပြသည်။

လုံခြုံရေးအရစိုးရိမ်၍ ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

“ အနီးအနားပတ်ဝန်းကျင်က သူတွေလည်းပြောင်းနေကြတယ်။ ဘာမှထွေထွေထူးထူးမဖြစ်သေးပေမယ့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပြောင်းထားတယ်” ဟု ကျောက်ရပ်ရွာမှ ထားဝယ်မြို့ပေါ်သို့ ယာယီရွှေ့ပြောင်းလာသည့် အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ ပေါက်တိုင်းတံတားဂိတ်အနီး ပစ်ခတ်မှုဖြစ်စဥ်နှင့် ပတ်သက်၍ မည့်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ခြင်းကို နိုဝင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းအထိ မတွေ့ရသေးသလို့ စစ်ကောင်စီကလည်း တစ်စုံတစ်ရာထုတ်ပြန်ခြင်းမတွေ့ရပေ။

နိုဝင်ဘာလ ၂၆ ရက်နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျောက်ရပ်ကျေးရွာအုပ်စုနှင့် ရှမ္မတွင်းကျေးရွာအုပ်စုများကို ကားဖြင့်ကင်းလှည့်နေကြောင်းလည်း သိရသည်။

ကျောက်ရပ်ကျေးရွာအုပ်စုသည် ထားဝယ်မြို့အထွက်တွင် တည်ရှိပြီး ကျောက်ရပ်၊ဝမော်နှင့်ပေါက်တိုင်း ရွာ၃ရွာဖြင့်ဖွဲ့စည်းထားသည့်ကျေးရွာအုပ်စုဖြစ်သည်။