လောင်းလုံးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

0
1268
ဓာတ်ပုံ - လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

လောင်းလုံးတွင် မြို့တွင်းကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကား မနေ့( နိုဝင်ဘာ ၂၆) ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း မြို့ခံအချို့ကပြောသည်။

စစ်ကောင်စီတပ်ကားကို စောင်းကြိုးလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်အနယ်းငယ်ကြာ ဖြစ်ပွားခဲ့သေးကြောင်း ၎င်းတို့ကဆိုသည်။

ယင်းပစ်ခတ်မှုအပြီးတွင်လည်း စစ်ကောင်စီတပ်ဖက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ်အကြာ ထပ်မံပစ်ခတ်နေသေးကြောင်း ဒေသခံအချို့ကပြောသည်။

“ဖြစ်တာက စောင်းကြိုးလမ်းတံတားမှာဗျ။ စဖြစ်ဖြစ်ချင်း ဘာဖြစ်မှန်းလည်းမသိဘူး။ (ပေါက်ကွဲ)အသံတော့ကြားလိုက်တယ်။ ပြီးမှသေနတ်အသံတွေ တရစပ်ထွက်လာမှ ပစ်နေကြပြီဆိုပြီး အဲနေရာမှာပဲ မှောက်နေလိုက်ရတယ်။ သေနတ်သံတွေစဲမှ ထွက်လာရတာ” ဟု ပစ်ခတ်မှုဖြစ်ချိန် ယင်းလမ်းပိုင်းတွင်ရှိနေသည့် ခရီးသည်တစ်ဦးကဆိုသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်းနှင့်တကွ ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

‌လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည့်အထဲတွင် VIGO ကားတစ်စီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ဓာတ်ပုံလည်းပါဝင်သည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီကားကို မိုင်းထိမှန်ခဲ့ပြီး ကားပေါ်ပါလာသည့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်ယင်းထိခိုက် သေဆုံးမှုအပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

‌ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးကမူ “မီးခိုလုံးတွေကြားမှာတော့ ကားတစ်စီးထိုးရပ်နေတာ တွေ့တယ်။ ကျွန်တော်ထင်တာကတော့ (ကားပေါ်ပါသူစစ်ကောင်စီတပ်ဖွဲ့ဝင်) ငါးယောက်လောက်တော့ ထိလိမ့်မယ်” ဟု ဆိုသည်။

လောင်းလုံးမြို့ပေါ်တွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခရီးသွား ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ငွေညှစ်နေသည်ဟုဆိုသည်။

“လောင်းလုံးအလှူတစ်ခုကိုဆင်းတာ ကားပေါ်မှာ လူငါးဦးထက်ပိုပါနေလို့ဆိုပြီး တစ်သိန်းခွဲ( ကျပ်) ပေးလိုက်ရတယ်” ဟု ပျူစောထီးအဖွဲ့၏ ငွေညှစ်ခြင်းခံရဖူးသည့် ကားသမားတစ်ဦးက ဆိုသည်။

မိုင်းဆွဲခံရသည့်နေရာမှာ လောင်းလုံးမြို့ဧရိယာထဲတွင်ဖြစ်ပြီး မြိုပြင်ကျသည့်နေရာဖြစ်သည်။ ယင်းနေရာအနီးတွင် နေအိမ်နှင့် ဥယျာဉ်ခြံများလည်းရှိသည်။