ဘုရားလှည့်ပွဲနေ့ ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်​​ပေါက်ကွဲသံများထွက်ပေါ်

0
1453
ပုံစာ - ဘုရားလှည့်ပွဲတွင်လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များကို ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်းက တွေ့ရစဥ်။

ထားဝယ်မြို့အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကျင်းပနေချိန် မြို့အဝင်စစ်ဆေးရေးဂိတ်ဖက်မှ ပစ်ခတ်ပေါက်ကွဲသံများထွက်ပေါ်လာကြောင်း ဒေသခံအချို့ကပြောသည်။

ထားဝယ်- မြိတ် ကားလမ်းမ၊ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်အနီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ လက်နက်ကြီးဆယ်ချက်လောက်ကြားရတယ်။ လက်နက်ငယ်အသံကအများကြီးပဲ” ဟု ပေါက်တိုင်းရွာသားတစ်ဦးက ပြောသည်။

ပစ်ခတ်ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ 

ပစ်ခတ်ပေါက်ကွဲသံများထွက်ပေါ်ပြီးနောက် ပြောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး  လက်နက်ကိုင်ဆောင်

ထားသူများ လိုက်ပါလာသည့်ကားတစ်စီး နှင့်ဆိုင်ကယ်သုံးစီး လမ်းမပေါ်ဖြတ်သန်းသွားသည်ကို မြင်ရကြောင်း ဒေသခံများကဆိုသည်။

ပေါက်တိုင်းတံတားကိုလည်း ယာယီပိတ်ထားလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့ထဲ၌ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေကြောင်း မြို့ခံအချို့ကဆိုသည်။

ထားဝယ်ဘုရားလှည့်ပွဲမတိုင်မီ ရက်ပိုင်းအလိုကတည်းက ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်တွင်  အကာအကွယ်များတိုးချဲ့ထားခဲ့သည်ကိုတွေ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။ 

ယင်းအပြင် ကျောက်ရပ်ရွာ ရွာလယ်ဇရပ်ရှိပျူစောထီးနှင့် စစ်ကောင်စီတပ်များလည်း သွားရောက် ပူးပေါင်းကာအင်အားတိုးချဲ့ထားကြောင်းဒေသခံများကပြောသည်။

ပစ်ခတ်သံများထွက်ပေါ်လာခြင်းကြောင့် ဘုရားလှည့်လိုက်ကြမည့် မြို့ခံများစိုးရိမ်နေကြသော်လည်း ဘုရားကိုမူ မြို့တွင်းသို့ ထွက်ခွာပူဇော်ခံနေပြီဖြစ်ကြောင်း ဒေသခံတို့ ထံမှ သိရသည်။