ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် သားအမိနှစ်ဦးသေဆုံးဟုဆို

0
1094

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာ ရဲစခန်းတွင် တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲပြင်းထန်နေပြီး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ နိုဝင်ဘာ ၂၃ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်ကစပြီး ကျောက်မဲတောင်နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း Dawei Defense Team-DDT နှင့် ကျောက်မဲတောင်ရွာ ဒေသခံအချို့က ဆိုသည်။

နံနက် ၉ နာရီခွဲခန့်အထိ ကျောက်မဲတောင်ကျေးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အခုထိပစ်နေကြတုန်းပဲ။ လက်နက်ကြီး လက်နက်ငယ်တွေ ပလူပျံနေတယ်။ လက်နက်ကြီးကျလို့ သားအမိနှစ်ဦး သေတယ်လို့ပြောတယ်” ဟု ကျောက်မဲတောင်ရွာက အမျိုးသမီးက နံနက် ၉ နာရီခွဲခန့်တွင် ပြောဆိုသည်။

တိုက်ပွဲဆက်ဖြစ်နေသေးသဖြင့် ပုန်းအောင်းနေရပြီး ဒေသခံအချင်းချင်း ဆက်သွယ်မေးမြန်းချက်အရ နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၁၀ နှစ် အောက် ကလေးတစ်ဦးသေဆုံးသည်ဟု သတင်းရကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

အထက်ပါသားအမိသေဆုံးသည်ဟု ပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိသလို နေအိမ်ပျက်စီးမှုလည်း ရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

သို့သော် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သဖြင့် သတင်းအတိအကျ မပြောနိုင်သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။