လောက်ကိုင်တွင် ပိတ်မိနေသော ထိုင်း ၃၀၀ ကျော် လွတ်မြောက်

0
714
 ပုံစာ- နိုဝင်ဘာ ၁၈ ရက်နေ့က မယ်ဆိုင်ဂိတ်သို့ လွှဲပြောင်းပေးသော ထိုင်းနိုင်ငံသားများ

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ပိတ်မိနေသော ထိုင်းနိုင်ငံသား ၃၀၀ ကျော်ကို ထိုင်း၊ မြန်မာ၊ တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

လောက်ကိုင်မြို့ထဲ ပိတ်မိနေသော ထိုင်းနိုင်ငံသား ၂၆၆ ဦး အပါအဝင် နိုင်ငံခြားသား ၂၇၃ ဦးကို တရုတ်အာဏာပိုင်များက လက်ခံခဲ့သဖြင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိလာခဲ့ကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသားများတွင် ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးနှင့် စင်္ကာပူနိုင်ငံသား ၁ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများကြောင့် ပိတ်မိနေသော နိုင်ငံခြားသား ၂၇၃ ဦးကို လောက်ကိုင်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် စစ်ကောင်စီတပ်၏ အကူအညီဖြင့် ထိန်းသိမ်ပေးထားခဲ့ခြင်းဖြစ်ဟု သတင်းများကဆိုသည်။

၎င်းတို့ကို တရုတ်နယ်စပ်ရှိ တရားမဝင်လုပ်ငန်းတစ်ခုမှ ကယ်တင်ထားပြီး စစ်ကောင်စီနှင့် ပြီးခဲ့သောအပတ် အစောပိုင်းတွင် ညှိနှိုင်းခဲ့ကာ နယ်စပ်မှတဆင့် တရုတ်ပြည်နယ်စပ်သို့ ဝင်ရောက်နိုင်ရန်အတွက် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ထိုင်းနိုင်ငံသားများအပါအဝင် ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံသား အားလုံး ၂၇၃ ဦးကို ကူမင်းလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လေယာဉ်နှစ်စီးဖြင့် ခေါ်ဆောင်ခဲ့ရာ (ယနေ့) နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၃ နာရီနှင့် ၄ နာရီတွင် ဒွန်မောင်းလေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။

 ထိုင်းနိုင်ငံသားများကို မိသားစုများထံ ပြန်လည်မအပ်နှံမီ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အမှန်တကယ်လူကုန်ကူးခံရသူများနှင့် အပြစ်ကျူးလွန်သူများ ရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကာ စစ်ဆေးရန်အချိန်အနည်းငယ်ကြာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ပြောခွင့်ရသူ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

နိုင်ငံခြားသားများကို သက်ဆိုင်ရာသံရုံးများတွင် ကူညီစောင့်ရှောက်ထားပြီး မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 အွန်လိုင်းရာဇဝတ်ဂိုဏ်းများတွင် ပါဝင် ပတ်သက်နေသူများနှင့် ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ထားသူများကိုမူ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ဟု ထိုင်းအာဏာပိုင်များကဆိုသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၄၁ ဦးကို ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီက ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

၎င်းတို့အနက် ၃ ဦးသည် ထိုင်းနိုင်ငံက ဝရမ်းထုတ်ထားပြီး အလိုရှိစာရင်းတွင် ပါဝင်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

၎င်းတို့ကို လောက်ကိုင်မြို့မှတစ်ဆင့် ကျိုင်းတုံမြို့သို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် တာချီလိတ်သို့ စစ်ကောင်စီက ပို့ဆောင်ခဲ့ကာ ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်း‌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသူအားလုံးကို လူကုန်ကူးခံရသူများနှင့် တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းထားသူများအား ခွဲခြားနိုင်ရန် စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Ref: The Nation Thailand, Bangkok Post