ယခုပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် ပထမနှစ်တက်မည့်သူ တစ်ရာမပြည့်

0
1153

ယခု (၂၀၂၃- ၂၀၂၄) ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ်သို့ နေ့သင်တန်း ပထမနှစ် တက်ရောက်မည့်သူ ၉၈ ဦးသာရှိကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

ယင်း ၉၈ ဦးမှာဘာသာရပ် ၁၇ ခု အတွက် ဝင်ခွင့်ရသူများဖြစ်ပြီး ယခင်နှစ်ထက် လျော့နည်းသည်။

၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် နေ့သင်တန်းဝင်ခွင့်ရသူ ၃၂၄ ဦးရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝင်ခွင့်ရသူ ၁၆၂ ဦးသာရှိခဲ့သည်။

ထားဝယ်တက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့်ရသူ ၃ နှစ်ဆက်တိုက်လျော့နည်းနေပြီး ကိုဗစ်ကာလ နှင့် အာဏာသိမ်းမှုကာလအတွင်း ကျောင်းပြန်လည်ဖွင့်လှစ်သည့် ပညာသင်နှစ်များတွင် ယခုပညာသင်နှစ်သည် ဝင်ခွင့်ရသူအနည်းဆုံးနှစ်ဖြစ်သည်။

ထိုကဲ့သို့ တက္ကသိုလ်ဝင်ခွင့်ရသူဦးရေ လျော့နည်းခြင်းနှင့်ပတ်သက်၍ ထားဝယ်တက္ကသိုလ် ၊ သင်တန်းရေးရာဌာန တာဝန်ရှိသူထံ Dawei watchက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခွင့်ပြုမထားကြောင်း အကြောင်းပြန်ခဲ့သည်။

ထားဝယ်တက္ကသိုလ်မှ ဆရာတစ်ဦးက “ ဝင်ခွင့်ရသူနည်းလာတာက ၂ ချက်ရှိတယ်။ ပထမတစ်ချက်က လျှောက်သူနည်းလာတာ။ ဒုတိယတစ်ချက်က နယ်ပြောင်းလျှောကက်ကြတာတွေလည်းရှိတယ်” ဟု ပြောသည်။

ကိုဗစ်ကာလမတိုင်မီ ထားဝယ်တက္ကသိုလ်တွင် တနင်္သာရီတိုင်းရှိ မြို့နယ်ဆယ်ခုမှ ကျောင်းသားများအပြင် ဝန်ထမ်းမိသားစုများ၏ သားသမီးများလည်း တက်ရောက်ကြသဖြင့် ပညာသင်နှစ်တစ်ခုလျှင် ဝင်ခွင့်ရသူ ဦးရေ ထောင်ဂဏန်း ရှိခဲ့သည်။

ကိုဗစ်မဖြစ်ပွားမီ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် ရှိ ဘာသာရပ်၁၅ခုအတွက် ဝင်ခွင့်ရသူ ၂၁၆၂ ဦးအထိရှိခဲ့သည်။

ထားဝယ်တက္ကသိုလ်တွင် ဝင်ခွင့်ရသူလျော့နည်းသော်လည်း တနင်္သာရီတိုင်းအတွင်းရှိ နောက်ထပ် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် တစ်ခုဖြစ်သည့် မြိတ်တက္ကသိုလ်တွင်မူ ယခုပညာသင်နှစ်တွင် ဘာသာရပ် ၁၅ခု အတွက် ဝင်ခွင့်ရသူ ၆၆၇ ဦးရှိသည်။

ထားဝယ်တက္ကသိုလ် နှင့် မြိတ်တက္ကသိုလ်ရှိ နေ့သင်တန်းများကို နိုဝင်ဘာလ ၂၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။