တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1205

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ

အိန္ဒိယ ဒီဝါလီမီးထွန်းပွဲ ဆီမီးအများဆုံးထွန်း၍ စံချိန်တင်  

အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ဘာသာရေးပွဲတော် ဒီဝါလီ မီးထွန်းပွဲကို နိုဝင်ဘာ ၁၂ ရက်က စပြီး ကျင်းပခဲ့ကြပါတယ်။

ပွဲတော်အကြို နိုဝင်ဘာ ၁၁ ရက်နေ့မှာ Uttar Pradesh ပြည်နယ် အယုဒ္ဒယမြို့မှာရှိတဲ့ ဟိန္ဒူ ဘုရားကျောင်းကြီးမှာ ဆီမီး ၂ သန်းကျော် ထွန်းညှိခဲ့ပြီး ကမ္ဘာ့ ဂင်းနစ်စံချိန် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

တစ်နှစ်ထက် တစ်နှစ် အရေအတွက် ပိုပိုများလာဖို့ စေတနာ့ဝန်ထမ်းပေါင်း ၂၄၀၀၀ ကျော်က ကူညီပေးခဲ့ကြတာပါ။

 သူတို့ အကူအညီနဲ့ ဆီမီးပေါင်း ၂ သန်း ၂ သိန်း ၂ သောင်းကျော်ကို ထွန်းညှိခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်တုန်းကတော့ ဆီမီးပေါင်း ၁ သန်းခွဲကျော် ထွန်းပြီး အဲ့ဒီအချိန်က အများဆုံး စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။

ရာမ နတ်ဘုရားကျောင်းတော်ကြီးနဲ့ Sarayu မြစ်ကမ်းတလျှောက် ၃ ကီလိုမီတာရှည်လျားတဲ့ ဆီမီးတန်းကြီး ဖြစ်အောင် ထွန်းညှိ ပူဇော်ခဲ့ကြပါတယ်။

Ref: NPR

………………………………..

အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့ တွေ့ဆုံ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့နှစ်ဦး အမေရိကန်ပြည်ထောင်စု ဆန်ဖရစ္စကိုမှာ နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နားလည်လာမှုတွေ ပိုရှိလာပြီး ဆက်သွယ်ရေးလမ်းကြောင်းအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့တာလို့ သမ္မတ Joe Biden က ပြောကြားခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေးပြန်စဖို့ သဘောတူလိုက်ပါတယ်။

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ် APEC ညီလာခံအပြင်မှာ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့ကြတာပါ။

ပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခုနဲ့ ငါတို့ ပြန်လာခဲ့ပြီလို့ သမ္မတ Biden က ထပ်လောင်းပြောကြားခဲ့ပါတယ်။

တဘက်နဲ့တဘက် ကျောခိုင်းကြဖို့မဟုတ်ဘဲ လမ်းကြောင်းတွေ ပိုမိုတည်ဆောက်ဖို့ လိုတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ကတုံ့ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်ပြင်အရေး၊ အစ္စရေး-ဟားမတ်စစ်ပွဲ၊ ယူကရိန်းကို ရုရှားကျူးကျော်မှုတွေနဲ့ အမေရိကန်နဲ့ တရုတ်အကြား သဘောထားမတူညီမှုတွေကြောင့် ဆက်ဆံရေး တင်းမာနေခဲ့ကြပါတယ်။

Ref: BBC

………………………………..

ဂါဇာဆေးရုံကြီးက သေဆုံးသူ လူနာ ၁၈၀ ကို မြှုပ်နှံ

ဂါဇာကမ်းမြောင်က Al-Shifa ဆေးရုံအတွင်း သေဆုံးသွားတဲ့ လူနာ ၁၈၀ နီးပါးကို အစုလိုက် အပြုံလိုက် မြှုပ်နှံလိုက်ရတယ်လို့ ဆေးရုံအကြီးအကဲ က ပြောကြားခဲ့ပါတယ်။

ဒီဆေးရုံဟာ ဟာမတ်စ်အဖွဲ့ရဲ့ ဌာနချုပ်အပေါ်မှာ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးတပ်ဖွဲ့တွေက ဆေးရုံကို ဝိုင်းပြီး နိုဝင်ဘာ ၁၅ ရက်နေ့ကနေ စီးနင်းတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းကပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆေးရုံအတွင်း လူနာအများအပြား ပိတ်မိခဲ့ကြပါတယ်။

ဒါကြောင့် လူနာတွေကို ကုသပေးဖို့ ဆေးဝါးနဲ့ တခြားအရေးပေါ်ပစ္စည်းတွေ မလုံလောက်ခဲ့ပါဘူး။

အစ္စရေးရဲ့ စွပ်စွဲ ပြောဆိုချက်ကို ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့ကတော့ ငြင်းဆန်ခဲ့ပါတယ်။

သေဆုံးပြီး ပုပ်ပွနေတဲ့အလောင်းတွေက ထွက်လာတဲ့ အနံ့ဆိုးတွေက ဆေးရုံတခုလုံး ပြန့်နှံ့နေခဲ့တာပါ။

ဒီ Al-Shifa ဆေးရုံကို ကာကွယ်ရမှာဖြစ်ကြောင်းနဲ့ အထိအခိုက်နည်းတဲ့နည်းနဲ့ ဆောက်ရွက်ရမယ်လို့ အမေရိကန်သမ္မတက တောင်းဆိုခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ဆေးရုံမှာ စစ်လက်နက်တွေ သိမ်းဆည်းရမိကြောင်း အစ္စရေးကြေညာ

ဂါဇာက အကြီးဆုံးဆေးရုံ အယ်လ်-ရှီဖာ (Al-Shifa) ကို နိုဝင်ဘာ ၁၅ ရက်နေ့က အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဟားမတ်စ်အဖွဲ့ပိုင် လက်နက်တွေ၊ ထောက်လှမ်းရေးပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့‌ ကြေညာခဲ့ပါတယ်။

ဗီဒီယိုမှာတော့ ဝင်စီး‌နင်းတဲ့ မြင်ကွင်းနဲ့အတူ သိမ်းဆည်းရမိတယ်ဆိုတဲ့ စစ်ပစ္စည်းတွေကိုပါ မြင်တွေ့ခဲ့ရတာပါ။

လက်နက်တွေနဲ့ ပက်သက်လို့ ဟားမတ်စ်အဖွဲ့ဘက်က ငြင်းဆိုထားဆဲပါ။

ဟားမတ်စ်တွေကို ချေမှုန်းပြီး ဓားစာခံတွေကို ပြန်ကယ်ထုတ်မယ်လို့ အစ္စရေးဘက်က ဆိုထားပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အရေးပေါ်နဲ့ ခွဲစိတ်ခန်းတွေအပါအဝင် ဆေးရုံက မြေအောက်ခန်းနဲ့ အခြားအဆောက်အအုံတွေကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုထားပါတယ်။

စီးနင်းမှုနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက စီးနင်းမှုလုပ်ဖို့ အစ္စရေးကို ခွင့်ပြုခဲ့တယ်ဆိုပြီး ဟားမတ်စ်ဖွဲ့က စွပ်စွဲခဲ့ပါတယ်။

ဆေးရုံတဝိုက်မှာ အစ္စရေး စစ်ရေးဆင်ဖို့ ကျနော်တို့ သဘောတူခဲ့တာ မရှိဘူး လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဗီ (John Kirby) က ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Ref: The Guardian

………………………………..

အစ္စရေး ထောက်ခံပွဲ အမေရိကန်တွင် ကျင်းပ

အစ္စရေးထောက်ခံတဲ့အနေနဲ့ လူသောင်းချီပါဝင်တဲ့ စုဝေးပွဲတစ်ခု အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီ မှာ နိုဝင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ဟားမတ်စ်ကို တိုက်ခိုက်ရာမှာ ညီညွတ်ဖို့နဲ့ ဒီလိုမျိုး နောက်ထပ် မဖြစ်စေဖို့ဆိုပြီး ဟစ်ကြွေးကြတာပါ။

ဒီစုဝေးပွဲမှာ အစ္စရေးအလံတွေနဲ့အတူ အမေရိကန်အလံတွေလည်း ပါဝင်ခဲ့ပါတယ်။

ထောက်ခံပွဲကို အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင်၊ အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson နဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဂါဇာက ပါလက်စတိုင်းပြည်သူတွေ ခံစားနေရတာတွေ သက်သာစေဖို့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကတော့ တိုက်တွန်းထားပါတယ်။

Ref: Aljazeera

………………………………..

တရုတ်တွင် မီးလောင်မှုကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံး

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ဇီပြည်နယ်က ရုံးဌာနတခုမှာ နိုဝင်ဘာ ၁၆ ရက်နေ့က မီးလောင်မှု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။

ဗီဒီယိုတွေအရ မီးလောင်နေတဲ့ အဆောက်အအုံကနေ မီးတောက်တွေ၊ မီးခိုးလုံးကြီးတွေ လွင့်တက်လာခဲ့တာပါ။

အဲဒီအဆောက်အအုံက ကျောက်မီးသွေးတွင်း ကုမ္ပဏီတစ်ခုရဲ့ ရုံးဌာနဖြစ်ပါတယ်။

အထဲက လူ ဒါဇင်ပေါင်းများစွာကို ကယ်ထုတ်ခဲ့ရပြီး လူ ၆၃ ဦးကို ဆေးရုံ တင်ပို့ခဲ့ရပါတယ်။

မီးကို နာရီအနည်းငယ်အကြာ ထိန်းချုပ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်တိုက် ဆောင်ရွက်ခဲ့ကြပါတယ်။

Ref: BBC

………………………………..

ဗြိတိန်မှာ ဆေးယဉ်ပါးနေလို့ သေဆုံးသူ အရေအတွက် တိုးလာ

ဗြိတိန်မှာ ပဋိဇီဝဆေးတွေ ယဉ်ပါးလာပြီး ဆေးမတိုးတော့တဲ့အတွက် သေဆုံးသူ အရေအတွက် တဖြည်းဖြည်း တိုးလာတယ်လို့ ဆရာဝန်တွေက ပြောကြားလိုက်ပါတယ်။

အင်္ဂလန်မှာ ပဋိဇီဝဆေးမတိုးသူတွေ ၅၈၀၀၀ ကျော်ရှိပြီး ဒီအရေအတွက်က ၂၀၂၁ ခုနှစ်ထက် ၄ ရာခိုင်နှုန်းတိုးလာတာပါ။

ဒီလူတွေထဲ သေဆုံးသူ ၂၂၀၀ ကျော်ရှိလာပြီး ၁၂ လအတွင်း သေဆုံးသူ ၁၀၀ နီးပါးလောက် တိုးလာခဲ့ပါတယ်။

ကိုဗစ်ကာလမှာ ဆရာဝန်တွေက ပဋိဇီဝဆေးပေးတာတွေ လျော့ကျခဲ့ပြီးနောက် ဒီပြဿနာ ကြီးထွားလာတာပါ။

ကျန်းမာရေး အရာရှိတွေကတော့ လူတွေကို လိုအပ်မှ ဆေးသောက်ဖို့ သတိပေးနေပြီး ကိုယ်မသောက်ပဲကျန်တဲ့ဆေးတွေကို တခြား ဆွေမျိုး မိတ်ဆွေတွေကို မပေးဖို့ သတိပေးထားပါတယ်။

Ref: Sky News

………………………………..

ကမ္ဘောဒီးယားတွင် အန်ကောဝတ်ကျောင်းအနီး နေထိုင်သူများ ဖယ်ရှားခံနေရ

ကမ္ဘောဒီးယားမှာ ယူနက်စကိုစာရင်းဝင် အန်ကောဝတ် ဘုရားကျောင်းအနီး နေထိုင်သူတွေကို အစိုးရက ဖယ်ရှားနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုက ပြောပါတယ်။

ဘုရားဝန်းတဝိုက် နေထိုင်တဲ့ မိသားစုတွေကို အာဏာပိုင်တွေက ခြိမ်းခြောက်နေတာပါ။

အရေအတွက် ၁၀၀၀ ခန့်ရှိတဲ့ လူတွေကို သေချာပြင်ဆင်ထားခြင်းမရှိတဲ့ နေရာကို အတင်းပြောင်းခိုင်းနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နှင်ထုတ်ခံရသူတွေဟာ ဒီနေရာမှာ မျိုးရိုးလိုက် နေထိုင်ခဲ့ကြတာကြောင့် မပြောင်းချင်ကြပါဘူး။

ကမ္ဘောဒီးယား အစိုးရကတော့ လူတွေကို သူတို့ဆန္ဒအရ ယူနက်စကို စည်းမျဉ်းအတိုင်း နေရာချထားပေးနေတယ်လို့ ပြောကြားထားတယ်။

Ref: France 24

………………………………..

ထိုင်းတွင် အတူအိပ်ဖို့‌ ခေါ်မရလို့ အမျိုးသမီးတစ်ဦး တက္ကစီးခိုးယူ ထွက်ပြေး

ထိုင်းအမျိုးသမီးတစ်ဦးဟာ အငှားယာဉ်မောင်းကို သူနဲ့အတူ အိပ်ဖို့ ဆွဲဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့နောက် တက္ကစီကို ခိုးယူမောင်းပြေးသွားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် သူမဟာ အငှားယာဉ်တစ်စီးကို တားခဲ့ပြီး ဘန်ကောက် – ပတ်ချာဘူရီ အသွားအပြန်ခရီးကို ဘတ် ၃၀၀၀ နဲ့ ငှားခဲ့တာပါ။

ဟိုတယ်ကို ရောက်ချိန်မှာ သူမက အငှားယာဉ်မောင်းကို အိပ်ဖို့ ဆွဲဆောင်ခဲ့ပေမဲ့ အငှားယာဉ်မောင်းက လက်မခံခဲ့ပါဘူး။

အိပ်ဖို့ သဘောမတူပေမဲ့ နောက်တစ်နေ့မှာ ဘန်ကောက် ပြန်ပို့ပေးဖို့ အငှားယာဉ်မောင်းက သဘောတူခဲ့ပါတယ်။

ဘန်ကောက်ကို ပြန်လာတဲ့လမ်းမှာ အိမ်သာ ခဏနားချိန် ကားသမားအိမ်သာသွားနေတုန်း သူမက ကားကို ခိုးယူထွက်ပြေးခဲ့ပါတယ်။

ကားသမားက ကားခိုးမှုနဲ့ ဘတ်ချာဘူရီရဲစခန်းကို သွားပြီး တိုင်ချက်ဖွင့်ခဲ့ပါတယ်။

သူမကို အမြန်လမ်းရဲတပ်ဖွဲ့တွေ ပူးပေါင်းရှာဖွေချိန် ရာမ ၂ လမ်းမှာ ဖမ်းမိခဲ့ပြီး သူမကလည်း ခိုးယူမောင်းပြေးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

Ref: The Thaiger

………………………………..

Reply 1988 က ရုဂျွန်ယော နှင့် ဟေးရီတို့ ၆ နှစ်တာ ချစ်သူသက်တမ်း အဆုံးသတ်

ကိုးရီးယားနာမည်ကြီးဒရာမာ “Reply 1988” မှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ရုဂျွန်ယော နှင့် ဟေးရီတို့ရဲ့ ၆ နှစ်တာ ချစ်သူသက်တမ်း အဆုံးသတ်လိုက်ပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဇတ်လမ်းထဲ မချစ်ခဲ့ရတဲ့ သူတို့နှစ်ဦးက ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ ချစ်သူတွေဖြစ်နေကြပြီလို့ လူသိရှင်ကြား အသိပေးခဲ့တာပါ။

မထင်မှတ်ဘဲ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို မကြာသေးခင်က အဆုံးသတ်ခဲ့တယ်ဆိုတဲ့ သတင်းက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထွက်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ရုဂျွန်ယောရဲ့အေဂျင်စီ နဲ့ ဟေးရီရဲ့အေဂျင်စီတို့က သီးခြားအတည်ပြုပေးခဲ့ပါတယ်။

သူတို့နှစ်ဦးကို ဖျော်ဖြေရေးလောကမှာ နှစ်အတော်အကြာ ထိန်းသိမ်းထားတဲ့ ချစ်သူတွေလို့ သိထားကြတာပါ။

၂၀၁၆ ခုနှစ် ဇန်နဝါရီမှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒရာမာ “Reply 1988” မှာတော့ နှစ်ဦးစလုံး အချိန်ကိုက် ဖွင့်ပြောနိုင်ခဲ့ခြင်းမရှိခဲ့လို့ ပရိတ်သတ်တွေက ကြေကွဲကြပေမဲ့ အပြင်မှာ ချစ်သူဖြစ်နေတာကြည့်ပြီး ကျေနပ်ခဲ့ကြပါတယ်။

Ref: CNA

………………………………..