ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်နှစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်ဟုဆို

0
908
ပုံစာ - ထားဝယ်မြို့နယ်အတွင်းရှိ ပကာရီရဲကင်းစခန်း။

ထားဝယ်မြို့နယ်ရှိ ပကာရီရဲကင်းစခန်းနှင့် မဲချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ် ၈ မိုင်စစ်ဆေးရေးဂိတ်တို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောာင်း Dawei Defense Team-DDT က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၄ ရက် ည ၇ နာရီခွဲခန့်က ပကာရီရဲကင်းစခန်းကို  DDT တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ က ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်၏ ၈ မိုင်စစ်ဆေးရေးဂိတ်ကို နေရာသုံးခုမှနေ၍ ၄၀ မမ လက်နက်ကြီး ၂ လုံး၊ ၆၀ မမ ၄ လုံး၊ ၁၂၀ မမ ၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီစခန်းနှစ်ခုမှာ ထားဝယ်-ထီးခီးသွားသည့် လမ်းပေါ်တွင်တည်ရှိပြီး ဂိတ်စခန်းတစ်ခုနှင့် တစ်ခုမှာ မနီးမဝေးတွင် တည်ရှိသည်။

ဒေသခံများကလည်း အဆိုပါနှစ်ရက်အတွင်း လက်နက်ကြီးပစ်ခတ်သံများ ကြားရသည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၄ ရက် ညက လက်နက်ကြီးပစ်ခတ်သံ ၁၀ ချက်ခန့်ကြားရပြီး နောက်တစ်ရက်ညတွင် အချက်ရေ ၃၀ ခန့်ကြားရကြောင်း ဒေသခံအချို့က ပြောသည်။

ထိုသို့ပစ်ခတ်ကြသော်လည်း ရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းမရှိသလို ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ရခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီဂိတ်နှစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိနိုင်ခြေရှိသဖြင့် စုံစမ်းနေဆဲဖြစ်ကြောင်း DDT က ထုတ်ပြန်ထားသည်။