ကျွန်းစုတွင် စစ်ရေးတင်းမာနေပြီး ဒေသခံများ စတင်စစ်ဘေးရှောင်

0
1239
တနင်္သာရီမြို့နယ်မှ စစ်ရှောင်လာသည့် ဒေသခံများ(ပုံဟောင်း)

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ကျေးရွာနှစ်ရွာမှ ဒေသခံများ မြိတ်မြို့ပေါ်သို့ တိမ်းရှောင်နေကြပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကောင်စီစစ်ကြောင်းမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ညက မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာမှတစ်ဆင့် ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး မင်းဂုတ်ကျေးရွာအပါအဝင် ပြင်ဝန်းကျေးရွာမှ ဒေသခံများ မြိတ်မြို့ပေါ်သို့ စစ်ဘေးရှောင် ထွက်ပြေးလာကြကြောင်း ဒေသခံများနှင့် မြိတ်မြို့ပေါ်နေထိုင်သူများ ထံမှသိရသည်။

“မြို့ပေါ်စစ်ရှောင်လာကြတာကတော့ ရွာလုံးကျွတ်နီးနီးပဲ။ရွာမှာ ပြေးနိုင်လွှားနိုင်သူအနည်းအကျဥ်းပဲ ကျန်ရစ်တယ်လို့ပြောတယ်”ဟု မြိတ်အမြန်ရေယာဥ်ဂိတ်တွင် တက္ကစီမောင်းသူ အမျိုးသားကပြောသည်။

နိုဝင်ဘာ ၁၂ ရက်နေ့က မင်းဂုတ်ရွာရောက်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးတစ်ဦး သေဆုံးသွားကြောင်း သတင်းများ ကြားရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့်နီးစပ်သည့် ဒေသခံအမျိုးသား ကပြောသည်။

“မနေ့က သူတို့(စစ်ကောင်စီတပ်)ထိတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ဒီနေ့ မနက် ၁၀ နာရီလောက်ကလည်း လက်နက်ကြီးနဲ့ ပြင်ဝန်းရွာဘက်ပစ်လိုက်သေးတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ပျူစောထီးသေဆုံးမှုနှင့် ပတ်သက်ပြီး Dawei Watch မှ အတည်မပြုနိုင်သေးပေ။

လက်ရှိတွင် မင်းဂုတ်၊ပဲ့တိုင်၊ပန်းဇင်၊မောင်းလှော် စသည့်ကျေးရွာများမှ ပျုစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် မင်းဂုတ်ရွာနှင့် မဝေးလှသည့် တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာနိုင်ကြောင်း လယ်သစ်ရွာနေ ဒေသခံအမျိုးသား ကဆိုသည်။

“မင်းဂုတ်နဲ့ပြင်ဝန်းက မနေ့ကတည်းကပြေးကုန်ကြပြီ၊ကျွန်တော်တို့ ရွာမှာလည်း ပြေးဖို့လွှားဖို့ပဲ အားလုံးအဆင်သင့်လုပ်ထားရတယ်”ဟု ၎င်းကပြောသည်။

တနင်္သာရီမြို့နယ်၊လယ်သစ်ကျေးရွာတွင် ကျွန်းစုမြို့နယ်၊ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ယခင်ကလည်း မကြာခဏထိတွေ့ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။